
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၈ ဦးကို အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ရမန်ယူပြီး စစ်ဆေးနေပါတယ်။
အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက "သူတို့ကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီနေ့တော့ တရားရုံးမှာ ရမန်ယူခဲ့ပါတယ်။ ပုဒ်မတွေတော့ မတပ်ရသေးပါဘူး။ ခုက စစ်ဆေးနေတုန်းပါ။"လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွှေနဒီပိုင်ရှင်ဦးရွှေသန်း၊ ရေယာဉ်မောင်း ဦးကျော်မင်းနဲ့ စာရေး ဦးဘစော၊ ရေယာဉ်ဝန်ထမ်း ကိုညီညီအောင်နဲ့ ကိုသာထွန်း၊ စက်ဆရာသားကြီး(ခ)ကိုစောသိန်း၊ သင်္ဘောသား ဦးဘထွန်းနဲ့ ကိုငြိမ်းစိုးနိုင်တို့ ၈ ဦးကို ဘယ်ပုဒ်မတွေနဲ့အမှုဖွင့်မလဲဆိုတာကိုတော့ မိသားစုဝင်တွေလည်း မသိရသေးပါဘူး။
ရွှေနဒီအမြန်ရေယာဉ်ဟာ အောက်တိုဘာ ၂၆ရက်မနက်က စစ်တွေကနေ ဘူးသီးတောင်သို့ ထွက်ခွာလာစဉ် မေယုမြစ်ထဲမှာ အေအေအဖွဲ့က တားဆီးပြီး တပ်မတော်စစ်သည် ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၁၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၈ ဦးအနက် မနေ့ကအထိ ၁၅ ဦး ပြန်လွတ်မြောက်လာပြီဖြစ်ပါတယ်။
ရွှေနဒီ အမြန်ရေယာဉ်နဲ့ စစ်တွေမြို့ကနေ ဘူးသီးတောင်ကို သွားရောက်ဖို့ တပ်မတော် အရာရှိတယောက်က သူ့ရဲ့အမည်၊ ရာထူးဖော်ပြပြီး လက်မှတ်ဝယ်ယူရာကနေ စတင်သတင်းပေါက်ကြားခဲ့တာဖြစ်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို လိုအပ်တဲ့ စစ်ဆေးမှု လုပ်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကောင်းကောင်း











