
မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲနဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဒေးဗစ်စတေးလ်ဝဲလ်က ပြောပါတယ်။
လက်ထောက်ဝန်ကြီး ဒေးဗစ်စတေလ်ဝဲလ်က ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးပြောဆိုခဲ့တာလို့ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အကြပ်အတည်းကို အတူတကွဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားရာ နေရာတွေက မကျေနပ်မှုအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ဆွေးနွေးခဲ့ကြသလို အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ အတူ လက်တွဲဖက်အနေနဲ့ရော မိတ်ဆွေနိုင်ငံအနေနဲ့ပါ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း မနေ့ကသွားရောက်ခဲ့ကာ သက်ကယ်ပြင်စခန်းက ဒုက္ခသည်တွေ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ- MOFA











