
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လာမယ့်နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ်ဆေး ခြောက်ပြပွဲ Elevating Cannabis Expo 2019 ကို ကျင်းပသွားဖို့ရှိနေပါတယ်။
အဆိုပါဆေးခြောက်ပွဲတော်ကို ထိုင်းနိုင်ငံက ဆေးခြောက်နဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေ စုပေါင်းပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ဘန်ကောက်မြို့ မှာ ကျင်းပမှာဖြစ်တယ်လို့ ထိုင်း Event News ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
အဆိုပါပွဲတော်မှာ ဆေးခြောက်ဆိုင်ရာ အသိပညာ ၊ ဆေးဘက်ဝင်ပုံ အမျိုးမျိုး ၊ ကုန်ထုတ်လုပ်မှုအမျိုးမျိုးအကြောင်းကို ပြည်တွင်း၊ ပြည်ပနဲ့ အာရှပစိဖိတ်ဒေသက ပညာရှင်တွေ ၊ သုတေသနလုပ်သူတွေ လာရောက်ဟောပြောကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆေးခြောက်နဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါး၊ အစားအစာအစရှိတဲ့ ကုန်ပစ္စည်းအမျိုးမျိုးကိုလည်း အပြိုင်အဆိုင်ရောင်းချသွားမှာဖြစ်ပါတယ် ။
ဒီဆေးခြောက်ပွဲတော်ကို လာရောက်ခြင်းအားဖြင့် ဆေးခြောက်ရဲ့အာနိသင်တွေ အကြောင်း လေ့လာသိရှိရမယ့်အပြင် အလုပ်အကိုင်သစ်အခွင့်အလမ်းသစ်တွေပါ ရနိုင်မယ်လို့ မျှော်လင့်ထား တာပါ။
ထိုင်းနိုင်ငံမှာ အရင်ကဆေးခြောက်ကို မူးယစ်ဥပဒေအရ အဆင့် ၅ အန္တရာယ်ရှိ မူးယစ်ဆေးဝါး တမျိုးလို့သတ်မှတ်ထားပေမယ့် ဆေးဝါးကုသရေးမှာ တရားဝင်အသုံးပြုနိုင်ဖို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ ၊ ကုန်ထုတ်လုပ်သူတွေကပါ တောင်းဆိုခဲ့တာကြောင့် ၂၀၁၉ ဖေဖော်ဝါရီမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအနေနဲ့မဟုတ်ဘဲ ဆေးဝါးကုသရာမှာ အသုံးပြုဖို့ စိုက်ပျိုးခွင့် ၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့် တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။။
ကိုးကား- eventpop.me











