အတွင်းဝန်ရုံး၌ အနှိပ်ခန်းဖွင့်လှစ်ထားခြင်းမရှိဟု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ပြော

ရန်ကုန်မြို့က သမိုင်းဝင်အတွင်းဝန်ရုံးမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ဟာ SPA ဆိုင် မဟုတ်သလို အနှိပ်ခန်းလည်း မဟုတ်ဘဲ ကျန်းမာရေးနဲ့ အလှအပစင်တာ တခုသာဖြစ်တယ်လို့ အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
အတွင်းဝန်ရုံးထဲမှာဖွင့်ထားတာက ကျန်းမာရေးအတွက်စင်တာတခုသာဖြစ်ပြီး ပြည်သူတွေ မသိတော့ အထင်လွဲသွားတာဖြစ်တယ်လို့ အတွင်းဝန်ရုံးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ပြောပါတယ်။
အဆိုပါကျန်းမာရေးစင်တာကိုတော့ အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီးနောက် လူမူကွန်ရက်တွေပေါ်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးက အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ အတွင်းဝန်ရုံးဝင်းထဲမှာ ဖွင့်လှစ်ထားတဲ့ SPA ဆိုင်ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
စည်ပင်သာယာရေး ကော်မတီ ဘက်ကတော့ အခုလို သမိုင်းဝင်နေရာမှာအခုလို ကျန်းမာရေးစင်တာဖွင့်တဲ့ကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ခွင့်ပြုချက်ပေးထားတာမရှိသလို တားမြစ်စာပေးပို့မယ်ဆိုရင်တောင် မြို့နယ်စည်ပင်ကသာ ပေးပို့မှာဖြစ်လို့ တိတိကျကျ မသိဘူးလို့ ရန်ကုန်မြို့တော် စည်ပင်တာဝန်ရှိသူ တဦးကပြောပါတယ်။
အခုအချိန်မှာတော့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံးဟောင်း) နေရာမှာ ကျန်းမာရေးစင်တာကို ဆက်မဖွင့်ဖို့ တားမြစ်စာပေးပို့ထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
သင်းသင်းဇော်











