DVB Logo
Home
ပညာရေး/နည်းပညာ
အဝေးသင်ပညာရေးစနစ် ပြောင်းလဲချိန်တန်ပြီ 
DVB
·
October 29, 2019
အဝေးသင်ပညာရေးစနစ် ပြောင်းလဲချိန်တန်ပြီ 
Donate to DVB

အောက်တိုဘာ ၁၆ ရက်က  တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်ထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တယ်။ အဲဒီပွဲမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက အဝေးသင်တက္ကသိုလ်ကို ၅ ရက်စီ နှစ်ကြိမ်ခွဲပြီး အနီးကပ် ပို့ချချက်ပေးဖို့  ၂၀၂၀ မှာ စမယ် လို့ ပြောခဲ့တယ်။ အဲဒီမှာပဲ အဝေးသင်တက္ကသိုလ်ကျောင်းသားတို့ အသံ ပွက်လောညံသွားခဲ့တယ်။ ကျောင်းသားသမဂ္ဂတွေရဲ့ ဆန္ဒပြပွဲတွေလည်း တက္ကသိုလ်တချို့မှာ ပေါ်ပေါက်ခဲ့သလို သူတို့ အခက်အခဲ သူတို့ပြဿနာရပ်အစုံစုံကို ဖော်ထုတ်ပြောဆိုလာကြတာ စိတ်ဝင်စားစရာများလည်း ပေါ်ထွက်လာခဲ့တယ်။

တကယ်တော့ အဝေးသင်တက္ကသိုလ် တက်ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ အလုပ်တဖက်နဲ့ ပညာရှာကြသူတွေပါ။ တချို့က လက်လုပ်လက်စား၊ နေ့စားအလုပ် လုပ်သူတွေ။ တချို့က ရုံးဝန်ထမ်း၊ တချို့က ကုမ္ပဏီဝန်ထမ်း၊ တချို့ကျတော့ ဘောက်ဆင်းလုပ်ရသူတွေ၊  လုပ်သမား၊ လယ်သမားမျိုးစုံပါပဲ။ အားလုံးကတော့ အလုပ်တဖက်နဲ့ မိသားစုဝင်ငွေ ဖြည့်တင်းနေရသူတွေ များပါတယ်။ တချို့ပြေလည်သူတွေ ရှိသလို တချို့ကတော့ စား၊ ဝတ်၊ နေရေးတောင် ပြေလည်အောင် မဆောင်ကြဉ်းနိုင်ခဲ့သူတွေလည်း ရှိမှာပါ။ ဘဝအဖုံဖုံ လူမျိုးအစုံစုံနဲ့ နေရာဒေသ အသီးသီးကနေ တက်လမ်းရှာလိုကြသူတွေ။

သူတို့ရဲ့ အခက်အခဲမျိုးစုံထဲမှာ အရေးပါဆုံးအချက်က စာမေးပွဲဖြေဖို့ ခွင့်ယူရတဲ့ ဒုက္ခက အကြီးဆုံးပဲလို့ ဆိုပါတယ်။ နေ့စားသမားအတွက်က ကိစ္စမရှိ။ နေ့စားခ၊ မရရုံသာ ရှိမည်။ လခစားသမားအတွက် တချို့သော ကုမ္ပဏီတွေက ခွင့်မပေး၊ တလတာခွင့်ယူလျှင် အလုပ်က တခါတည်း ထွက်ရန် ဒါမှမဟုတ် အလုပ်က လစာမဲ့ခွင့်သာပေးတဲ့ ကိစ္စကလည်း အခက်အခဲတခု ဖြစ်နေပါတယ်။

နောက်တခုက နယ်ကနေ စာမေးပွဲဖြေမယ့်သူတွေအတွက် အဆောင်ငှားရတဲ့ ပြဿနာပါ။ အဆောင်ပိုင်ရှင်တွေကလည်း အဝေးသင်ဖြေမယ့်ရာသီဆိုရင် အဆောင်ခကို သာမန်အချိန်တွေထက် ကြေးနှစ်ဆတောင်းယူနေခြင်းပင်။ မတော်လောဘဟု ခေါ်နိုင်မလား မသိ။ အဝေးသင်ကျောင်းသားအဖို့တော့ ရွေးစရာ အခြေအနေမရှိ။ တောင်းတဲ့ကြေးပေး၍ နေရမြဲပင်။ ဒါတွေက အဝေးသင်ကျောင်းသားတို့ မလွဲမသွေ ကြုံရတဲ့ အခက်အခဲတွေပါ။

တကယ်တော့ အဝေးသင်ဆိုတာ မပေါ်မီက တက္ကသိုလ်စာပေးစာယူဆိုတာ အရင်ပေါ်တာပါ။ အဲဒီတုန်းကတော့ စာစဉ်တွေကို အပတ်စဉ်ဖြေပြီး စာတိုက်ကနေတဆင့် တက္ကသိုလ်စာပေးစာယူဌာနကို ပြန်လည်ပေးပို့ရတယ်။ ပြီးတော့ အဖြေလွှာတွေကို စစ်ဆေးပြီး စာပေးစာယူဌာနကလည်း စာသင်သားဆီ ပြန်လည်ပို့ပေါ့။ စာမေးပွဲဖြေကာနီးမှ အနီးကပ်သင်တန်း ဆိုပြီး ၁၀ ရက်တက်။ ပြီးတာနဲ့ စာမေးပွဲဖြေကြရတာ။

  တက္ကသိုလ်စာပေးစာယူသင်တန်းကို ၁၉၇၅- ၇၆ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် လက်အောက်ခံအဖြစ် စတင်ဖွင့်လှစ်ခဲ့တာ။ သူ့ထက်စောတာက ၁၉၇၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ ပညာရေးဒီပလိုမာသင်တန်းက နေအစပြုခဲ့တယ်။ ၁၉၈၀ထဲရောက်မှ ရန်ကုန်ဝိဇ္ဇာသိပ္ပံ လက်အောက်ကနေ ခွဲထွက်ပြီး စာပေးစာယူတက္ကသိုလ်ကို သီးခြားတည်ထောင်ခဲ့တာပါ။ ၁၉၈၈ အရေးတော်ပုံကြီး ပြီးဆုံးသွားတော့မှ ၁၉၉၂ ခုနှစ်ထဲမှာ စာပေးစာယူတက္ကသိုလ်အစား အဝေးသင်တက္ကသိုလ်လို့ အမည်ပြောင်းဖွင့်ခဲ့တာ။

၁၉၈၈ ခုနှစ်အထိ ရန်ကုန်မှာ စာပေးစာယူတက္ကသိုလ်အပြင် လုပ်သားကောလိပ်လည်း ရှိခဲ့တယ်။ လုပ်သား ကောလိပ်က ညနေတိုင်း ၆နာရီကနေ ၉နာရီခန့်အထိ စာသင်ကြရတယ်။ သင်ကြားပေးရာမှာလည်း ကထိက ဆရာ ဆရာမကြီးတွေက အချိန်ယူသင်ပေးတာမို့ စာပိုတော်တယ်။ ဆရာ တပည့် ရင်းနှီး မှုရှိခဲ့ကြတယ်။ ကျောင်းသားအများစုက လုပ်ငန်းခွင်ကနေ လာကြသူတွေ ဖြစ်တဲ့အတွက် ပညာရေးအချိန်အဆနဲ့ ဆင်ခြင်မှုပိုကောင်းကြတယ်။ လုပ်သားကောလိပ်ကျောင်းသားကို ပညာရေးမှာ နှိမ်လို့မရဘူး။ လူတော်တွေ များတယ်။ စာတကယ် တတ်ကြတယ်။

လုပ်သားကောလိပ်မဖြစ်ခင်ကတော့ ၁၉၄၈ ခုနှစ်မှာ သက်ကြီး တက္ကသိုလ်ဆိုတာ စပေါ်တာပဲ။ ဆရာကြီးဦးစံရွှေက ကျောင်းအုပ်ကြီးပေါ့။ အဲဒီကနေ ၁၉၆၄ ခုနှစ်ထဲ ရောက်တော့မှ သက်ကြီးတက္ကသိုလ်ကို လုပ်သားကောလိပ်လို့ အမည်ပြောင်းခဲ့တာ။ ၅ နှစ် တက်ရတယ်။

လုပ်သားကောလိပ်ကို ၂၀၀၄ ခုနှစ် နောက်ဆုံးဖွင့်ခဲ့တာပါ။ အဲဒီနောက်တော့ လုပ်သားကောလိပ်ကို ထပ်မဖွင့်ကြတော့ပါဘူး။ တကယ်တော့ လုပ်သားကောလိပ်ဟာ ကျောင်းသား ကျောင်းသူတွေကို စာတကယ်တတ်အောင်သင်ပေးနိုင်ပါတယ်။ အဝေးသင်တက္ကသိုလ်ထက် စာတတ်တာကိုတော့ ငြင်းမရဘူးလို့ ပညာရှင်တွေက ပြောကြားခဲ့ဖူးတယ်။

လက်ရှိ အဝေးသင်တက္ကသိုလ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အမှားအယွင်း ရှိနေသလားဆိုတာ သေသေချာချာ ပြန်စိစစ်သင့်ပြီလို့ ပညာရေးသုတေသီတွေရဲ့ ဆွေးနွေးပြောဆိုသံတွေလည်း ထွက်ပေါ်လာတယ်။ အဓိကကတော့ ၁၀ ရက်ပဲ သင်သင်၊ ၅ ရက် နှစ်ကြိမ်ပဲ ခွဲသင်သင်  ကျောင်းသားတွေ စာမတတ်ကြသလို ကျောင်းသားတွေရဲ့ ပညာရေးအတွက် သိပ်မထူးခြားလှပါဘူး။ ဒါပေမဲ့ ပညာသင်ကျောင်းသားအတွက် စရိတ်နဲ့ နေရေးထိုင်ရေး အဆောင်ပြဿနာကား ကြီးလွန်းလှပါတယ်။ တနှစ်စာ ကြိုတင်စုဆောင်းငွေ၊ အချိန်တို့နဲ့ ပြန်လည်ရရှိတဲ့ အကျိုးအမြတ်တို့ပင် မကာမိ။

ဘွဲ့တခု ဆိုသည်မှာလည်း လူ့အဖွဲ့အစည်းတခုရဲ့ သတ်မှတ်ချက် ဂုဏ်သိက္ခာတခုထက်မပို။ ကျောင်းသားတွေကို ဒီထက်ပညာပိုတတ်စေချင်ရင်တော့   အဝေးသင်တက္ကသိုလ်အစား တခြားပညာရေးစီမံကိန်းတခုခုကို ခေတ်နဲ့အညီ အစိုးရက ပြောင်းလဲ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားအရေအတွက်ရဲ့  ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသားသူကျောင်းသားတွေ ကျောင်းပြီးလို့ ဘွဲ့ရပါက  လက်တွေ့အသုံးဝင်တဲ့ အမှန်တကယ် ပညာတတ်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့လည်း အစိုးရမှာ တာဝန်ရှိပါတယ်။ 

ကျောင်းသားတွေကို နေ့စဉ် ထိတွေ့သင်ယူခွင့်ရစေတာကတော့ အွန်လိုင်းပညာရေးစနစ်ပါပဲ။ ခုလို သတင်းအချက်အလက်နည်းပညာတွေ ပြောင်းလဲတိုးတက်လာပြီဖြစ်တဲ့ ခေတ်ကြီးမှာ အဝေးသင် အွန်လိုင်းသင်ကြားရေးစနစ်က  ပိုမိုထိရောက်နိုင်စရာရှိတယ်လို့ အကြံပြုချက်တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ၅ ရက်၊ ၁၀ ရက်သင် ကျောင်းသားပညာမတတ် အစိုးရ ဘတ်ဂျတ်ကုန် အလုပ်မဖြစ်တဲ့ အဝေးသင်ပညာရေးစနစ်ကနေ  အဝေးသင်ပညာရေးစနစ်သစ် တခုကို ဘယ်လို ဆက်စခန်းသွားကြမလဲ ဆိုတာကတော့ အမျိုးပညာရေး အကောင်အထည်ဖော်သူတို့ရဲ့ သုံးသပ်အဖြေရှာမှုအပေါ်မှာသာ မူတည်နေပါတယ်။

အဝေးသင်ပညာရေးစနစ်သစ်ကို ဘယ်လို ပြုပြင်ပြောင်းလဲ ဆန်းသစ်လုပ်ဆောင်ပြီး   ဘယ်လိုစနစ်မျိုးနဲ့ အစားထိုး လုပ်ဆောင်မလဲ ဆိုတာကတော့ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်အပေါ်မှာသာ  မူတည်နေပါကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013