
ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ အေအေတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေအနက် ရဲတပ်သား စိုင်းနိုင်အောင်ကို အောက်တိုဘာ ၂၈ ရက် မနက် ၈ နာရီလောက်က ကျောက်တန်းရွာနားမှာ ကယ်ဆယ်ရေးစစ်ကြောင်းကတွေ့ရှိ ကယ်တင်နိုင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
ရဲတပ်သား စိုင်းနိုင်အောင် အပါအဝင် ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ အောက်တိုဘာလ ၂၆ ရက်က စစ်တွေမြို့ကနေ ရွှေနဒီ အမြန်ရေယာဉ်နဲ့ ဘူးသီးတောင်သို့ သွားရောက်ဖို့ တပ်မတော်သား အရာရှိ ၁ ယောက်က သူ့ရဲ့အမည်၊ ရာထူးဖော်ပြ လက်မှတ်ဝယ်ယူရာကနေ စတင်သတင်းပေါက်ကြားခဲ့တာလို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
ရေမျက်ကျေးရွာဟောင်းအနီးမှာ အေအေလက်နက်ကိုင်တွေက ရေယာဉ်ကို ရပ်တန့်ပြီး ခရီးသည်တွေထဲက လက်မှတ်ဝယ်တဲ့ အရာရှိအမည်ကို ခေါ်ဆိုကာ အဲဒီအရာရှိနဲ့ ခရီးသည် တချို့ကို ဦးစွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
ဒီနောက် ကျန်ရှိတဲ့ ခရီးသည်တွေကို ငစံဘော်ချောင်းဘေးအတိုင်း ရေမျက်ကျေးရွာ(ရွာသစ်) အနီး ကမ်းနားသို့ခေါ်ဆောင်သွားခဲ့ပြီး စက်လှေ ၃ စီးနဲ့ ခရီးသည်တချို့ကို ကျောက်တန်းကျေးရွာဘက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
စက်လှေမလုံလောက်လို့ အေအေလက်နက်ကိုင်တချို့နဲ့ ခရီးသည်တချို့ ကမ်းစပ်နားမှာ စောင့်ဆိုင်းနေတုန်း ရဲတပ်သား စိုင်းနိုင်အောင် အပါအဝင် ၅ ယောက်ကို ကြိုးနဲ့ တုပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ရေထဲသို့ပစ်ချခဲ့ကြောင်း၊ ရဲတပ်သား စိုင်းနိုင်အောင်ဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ရေထဲသို့ မျောပါသွားခဲ့ကာ ကျောက်တန်းရွာနား အရောက် တပ်မတော်စစ်ကြောင်းက တွေ့ရှိခဲ့လို့ လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။
အေအေအဖွဲ့က ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးသွားသူ ၅၈ ဦးထဲက ၁၄ ဦးကို ပြီးခဲ့တဲ့ရက်ကပြန်လည်ကယ်တင်နိုင်ခဲ့ပြီး အခုပြန်လွတ်လာတဲ့ ရဲတပ်သား စိုင်းနိုင်အောင်နဲ့ပါဆိုရင် စုစုပေါင်း ပြန်လွတ်လာသူ ၁၅ ယောက်ရှိပြီဖြစ်ပါတယ်။
ကျန်ရှိနေသူတွေကို အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းနေပြီး သတင်းပေါက်ကြားမှုနဲ့ ပတ်သက်လို့ ရွှေနဒီအမြန်ရေယာဉ်လိုင်းကို လိုအပ်တဲ့ စစ်ဆေးမှု လုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











