DVB Logo
Home
မြန်မာသတင်း
ဧပြီလမတိုင်မီ မြန်မာ့ဆန် တရုတ်ကို တရားဝင်တင်ပို့ဖွယ်ရှိ
DVB
·
January 16, 2013
ဧပြီလမတိုင်မီ မြန်မာ့ဆန် တရုတ်ကို တရားဝင်တင်ပို့ဖွယ်ရှိ
Donate to DVB

ဆန်အပါအ၀င် လယ်ယာထွက်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက် တရားဝင် တင်ပို့နိုင်ရေး နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးဖို့ မြန်မာနဲ့ တရုတ် စီးပွားကူးသန်းဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နဲ့ တရုတ်စီးပွားကူးသန်း ဒုတိယဝန်ကြီး Mr. Chen Jian တို့ ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြရာမှာ မြန်မာဘက်က တောင်းဆိုခဲ့တဲ့ ၂ ချက်ထဲ အခုလို လက်မှတ်ထိုးဖို့ ကိစ္စပါဝင်ခဲ့တာပါ။

ဒီအကြောင်း ဆွေးနွေးပွဲတက်ခဲ့တဲ့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ပြောပြတာက

“ကျနော်တို့ဘက်က အဓိက အချက် ၂ ချက် တောင်းဆိုပါတယ်။ ပထမတချက်ကတော့ ကျနော်တို့နဲ့ သူတို့ အကြမ်းဖျင်း မူအားဖြင့် သဘောတူထားတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို ကျနော်တို့ဘက်က တင်ဖို့၊ တရုတ်နိုင်ငံဘက်အနေနဲ့ကြည့်ရင်တော့ တင်သွင်းခွင့်ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ MOU အမြန်ဆုံးထိုးဖို့အတွက် အမြန်ဆုံး ရက်ညှိနှိုင်းသတ်မှတ်ဖို့။ ဒုတိယအချက်က တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်နဲ့ပိုးမွှားထိန်းချုပ်ကာကွယ်တားဆီးရေးအဖွဲ့ ပီကင်းမှာ အခြေစိုက်တယ်။ အဲအဖွဲ့က ကျနော်တို့နိုင်ငံက တိရစ္ဆာန်အရှင်တွေ၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ ဒါတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးကင်းရှင်းကြောင်းရရှိမှသာလျှင် သူတို့ဘက်ကို တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ လွန်ခဲ့သော ၆ လလောက်က အကြောင်းကြားထားတဲ့ စာပေါ်မူတည်ပြီး ဒါတွေနဲ့ ပတ်သက်လို့လည်း မွေးရေ၀န်ကြီးဌာနအပါအ၀င် တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ တရားဝင် ဆက်လက်ဆွေးနွေးပြီးတော့ နှစ်ဦးနှစ်ဖက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို ပြန်လည်ရှာကြံဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်ကိုလည်း အဓိက တောင်းဆိုလိုက်ပါတယ်။”

ပထမအချက်ဖြစ်တဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ထိုးဖို့ကို လာမယ့် ဧပြီလ နောက်အကျဆုံးထား ဆောင်ရွက်ဖို့ရှိတယ်လို့ လည်း ပြောပါ တယ်။

ဆန်အပါအ၀င် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို နယ်စပ်ကတဆင့် တရုတ်ကို အဓိကတင်ပို့ ရောင်းချနေရာမှာ တရုတ်က အကန့်အသတ်နဲ့ပဲ လက်ခံနေတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဆန်တွေဈေးကောင်းရလို့ တရုတ်ဘက် တင်ပို့ကြရာမှာ တရုတ်ဘက်က တရားဝင်ခွင့်ပြုထားတာမရှိဘူးဆိုပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့လို့ မြန်မာကုန်သည်တွေ အခက်တွေ့ခဲ့ကြရပါတယ်။

ဧပြီလမတိုင်မီ နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ထိုးနိုင်ပြီဆိုရင်တော့ မြန်မာဘက်က လယ်ယာထွက်ကုန်ပစ္စည်းတွေ တရားဝင်တင်ပို့ ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။ အခုတလော တရုတ်နယ်စပ်ကို ဆန်တင်ပို့တာ ထက်ဝက်လောက် လျော့ကျနေပြီး မြန်မာဆန် ၁ တန် အမေရိကန်ဒေါ်လာ ၄၀၀ ကျော် ရရှိနေကြောင်း စီးပွားကူးသန်းသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013