
နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol Season 4 ရဲ့ နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် ၁၁ ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
သူတို့ကတော့ မြန်မာနိုင်ငံ မြို့ကြီးတွေအနှံ့ ရွက်ပုန်းသီး အနုပညာရှင်တွေ ရွေးချယ်ပွဲတွေကတဆင့် Golden Week နဲ့ အဖွဲ့လိုက် သီဆိုယှဉ်ပြိုင်ရတဲ့ Theatre Round အဆင့်၊ Green Mile အဆင့်တွေကို ကျော်ဖြတ်ခဲ့ကြရသူတွေပါ။
ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တဲ့ Green Mile အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၂၂ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးမှ နောက်ဆုံးအဆင့် ၁၁ ဉီးအဖြစ် အပြီးသတ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ကတော့ ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် အ နုပညာအရည်အသွေးပြ တဆင့်တက်လှမ်းလာခဲ့သူ အေးမြဖြူ၊ Audition အဆင့်မှာက တည်းက ပြိုင်ပွဲဝင်တွေထဲ နာမည်ကြီးတဲ့ တန်ခွန်ကျော်၊ ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင် ဆိုင်ထားတဲ့ ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်၊ လူငယ်ပရိသတ်တွေ အားပေး မှုအခိုင်အမာရရှိထားတဲ့ Benjamin Sum၊ အလန်းစား စတိုင်နဲ့ အသံပိုင်ရှင် စနေလင်း ကျော်၊ အလှမယ်တယောက်အဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ လှုပ်ရှားနေရာက ဂီတ လမ်းမပေါ် ဆက်လျှောက်လာခဲ့သူ ခြူးစစ်ဟန်၊ မြန်မာအိုင်ဒေါ Season 3 ပြိုင်ပွဲဝင် ဟောင်း တယောက်ဖြစ်တဲ့ နှင်းအိအိဝင်း၊ ဝါသနာကြောင့် မိသားစုနဲ့ ဆန့်ကျင်ပြိုင်ပွဲဝင် ခဲ့သူ စောခရစ်မူးလာ၊ NGO ဝန်ထမ်းတယောက်ဖြစ်ပြီး အသံအားကောင်းတဲ့ ယောကီး၊ သေသပ်တဲ့ သီဆိုဟန်နဲ့ ရန်ကုန်မြို့မှ ပြိုင်ပွဲဝင် ထက်အဉ္စလီ၊ အသံပါဝါအားကောင်းတဲ့ အမျိုးသမီး ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးတို့ပဲ ဖြစ်ပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။
Season 4 အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံ မြို့ကြီး ငါးမြို့ဖြစ်တဲ့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ခဲ့တာပါ။
ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန် ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံ အနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။










