DVB Logo
Home
မြန်မာသတင်း
ဆရာမများကို ရည်းစားစကားပြောခိုင်းသည့်ကိစ္စ ပဲခူးဝန်ကြီးချုပ် တရားဝင် တောင်းပန်
DVB
·
October 28, 2019
ဆရာမများကို ရည်းစားစကားပြောခိုင်းသည့်ကိစ္စ ပဲခူးဝန်ကြီးချုပ် တရားဝင် တောင်းပန်
Donate to DVB

ဆရာမတွေကို ရည်းစားစကား ပြောခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီပြောခွင့်ရသူတို့က ဒီနေ့ တရားဝင်တောင်းပန်လိုက်ပါတယ်။

ရန်ကုန်မြို့ အန်အယ်လ်ဒီပါတီရုံးချုပ်မှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူတွေကို တွေ့ဆုံ တရားဝင် တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က “ဒေါက်တာမျိုးညွန့်က ဝန်ကြီးချုပ်ဟာ သူတို့ တာဝန်ပေးထားတာဖြစ်လို့ တောင်းပန်တယ်လို့ ပြောပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း ပါတီလူကြီးတယောက်အနေနဲ့ တောင်းပန်ပါတယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ဖြစ်ချင်လို့ အဖွင့်မိန့်ခွန်းမှာ မပြောဘဲ နွေးထွေးမှုရအောင် အလွတ်သဘော ဒေသခံတွေနဲ့ ပြောခဲ့တာလို့ ပြောပါတယ်။ သူကလည်း ဆရာ၊ ဆရာမထုကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာ သစ်ချို(မျိုးသန့်ခြံ) လူထုတွေ့ဆုံပွဲမှာ ဒေသခံတွေက နယ်ဝေးကနေ လာရတဲ့ ဆရာ၊ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာခက်ခဲတာကို တင်ပြခဲ့ပါတယ်။

ရွာသားတွေရဲ့ တင်ပြချက်အပေါ် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက  “ဆရာ၊ ဆရာမတွေ ရပ်ထဲရွာထဲနေတဲ့အခါကျ ဒီက ရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ထွက်မသွားမှာလေ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီး၊ လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကားပြောကြ။ လိုက်ပြောကြ၊ ဒါမှ ရွာမှာ မြဲမှာ” လို့ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကရော ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း အဖွဲ့အစည်းတွေကပါ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အဲဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နဲ့ ပဲခူးတိုင်း အန်အယ်လ်ဒီဥက္ကဋ္ဌတို့ဆီ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က တိုင်စာတွေ ပို့ခဲ့တာပါ။

ဒေါက်တာဇော်မျိုးလှိုင်က “ဝန်ကြီးချုပ်က ဒေသခံတွေနဲ့ပြောရင်း သူ့တူမ ဆရာမတွေလည်း တာဝန်ကျရာဒေသမှာ အိမ်ထောင်ကျပြီး အဆင်ပြေနေတာကို သတိရပြီး ဟာသနှော ပြောတာပါတဲ့။ အခုဆိုရင် (ဒီလိုပြောဆိုတာ မတိုင်ခင်ကတည်းက) ဒေသခံတွေက ဆရာတွေအပေါ်မှာ တန်ဖိုးထားတာ အားနည်းလာတယ်။ ဆရာမတွေ မရှိချိန်မှာ အခန်းထဲ ဖောက်တာ၊ ခိုးတာတွေ အများကြီး ဖြစ်လာတယ်။ ရည်းစားစကားပြောတာ လက်မခံလို့ ဓားနဲ့ ခုတ်တဲ့အထိ ဖြစ်တာတွေ ရှိတယ်။ ဝန်ကြီးချုပ်က ဟာသအဖြစ် ပြောပေမယ့် ဒီဘက်မြေပြင်မှာတော့ ပေါက်ကွဲလုနီးနီး ယမ်းပုံကြီးလို ဖြစ်နေတာလေ” လို့ ပြောပါတယ်။

ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ဌာနဆိုင်ရာတွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းတွေကို တာဝန်ယူ မဆောင်ရွက်နိုင်ရင်၊ ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်ရင် အရေးယူခံရမယ်ဆိုပြီး ဝန်ကြီးချုပ်က အသိပေးလာတယ်လို့ မြို့နယ် ပညာရေးမှူးရုံးတွေက စာတစောင် ထွက်ခဲ့ပါသေးတယ်။ 

ဒီစာဟာလည်း လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက တိုင်စာတွေကြောင့် ထုတ်ပြန် ညွှန်ကြားထားတာ ဖြစ်ပြီး အခုကိစ္စဖြစ်မှ အချိန်ကိုက် ထွက်လာသလို ဖြစ်နေတယ်လို့ ဝန်ကြီးချုပ်က ပြန်ရှင်းပြခဲ့တယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013