
ဖေဖော်ဝါရီလက ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်ကစားသမား ဗီနီစီးယပ်စ်နဲ့ ပြဿနာတက်ခဲ့တဲ့ ဘင်ဖီကာ တောင်ပံကစားသမား ပရက်စတီအန်နီကို ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ၆ ပွဲ ပယ်လိုက်ပါတယ်။
အဲဒီပွဲမှာ ဗီနီစီးယပ်စ်က သူ့ကို လူမျိုးရေးခွဲခြား စော်ကားတယ်လို့ စွပ်စွဲခဲ့လို့ ပွဲကို ၁၀ မိနစ်လောက် ရပ်နားခဲ့ရတာပါ။
အသက် ၂၀ အရွယ် အာဂျင်တီးနား ကစားသမားကတော့ လူမျိုးရေးခွဲခြားတာ မဟုတ်ဘဲ လိင်တူ ချစ်သူတွေကို စော်ကားတဲ့ စကားသာ ပြောခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
ဒါကြောင့် လူမျိုးရေးခွဲခြားမှု ပြစ်ဒဏ် ၁၀ ပွဲ အစား ၆ ပွဲသာ အပယ်ခံခဲ့ရတာဖြစ်ပြီး၊ ဒီပြစ်ဒဏ်ကို ကမ္ဘာတဝန်း သက်ရောက်ဖို့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) ဆီကိုလည်း UEFA က တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကစားသမားတွေ ပါးစပ်အုပ်ပြီး ဆဲဆိုတာကို အနီကတ်ပြ အရေးယူဖို့ ဖီဖာက ပြင်ဆင် နေတယ်လို့ သိရပါတယ်။










