DVB Logo
Home
မေးမြန်းခန်း
ဆက်သွယ်ရေး တင်ဒါ ခေါ်ယူမှုအပေါ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းနှင့် မေးမြန်းချက်
DVB
·
January 16, 2013
Donate to DVB

မြန်မာဆက်သွယ်ရေးနဲ့ ပြိုင်ဖို့အတွက် ဆက်သွယ်ရေး အော်ပရေတာ ၂ ခုကို ခေါ်ရတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချူပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါခေါ်ယူတာနဲ့ ပက်သက်ပြီး သူက ပြောကြားတာဖြစ်ပါတယ်။ အခု ခေါ်ယူထားတဲ့ ဆက်သွယ်ရေးအော်ပရေတာ ၂ ခု အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း တယ်လီဖုန်း ၁၀ သန်းလောက် ထပ်တိုးဖို့ မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အင်ဂျင်နီယာချုပ်ဦးဌေးဝင်းကို ကိုရွှေအောင်က ဆက်သွယ်မေးကြည့်ထားပါတယ်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုတာ ဘယ်လိုဟာတွေ အကျုံးဝင်ပါသလဲ။

“မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုပဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အော်ပရေတာ (operator) သုံးလေးခု ရှိတယ်မဟုတ်လား။ အဲဒါမျိုး အော်ပရေတာတွေ ခေါ်တာပါ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အပြိုင်ဆောင်ရွက်မယ့် ဆက်သွယ်ရေးလုပ်ငန်းမှန်သမျှကို လုပ်ဆောင်ခွင့်ရှိမယ် အော်ပရေတာတွေကို တင်ဒါခေါ်တာပါ။”

အဲမှာပါတာက ရည်မှန်းချက်က နိုင်ငံတော်ရဲ့ Teledensity ကို ၂၀၁၅-၁၆ မှာ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ဖို့ဆိုတော့ အခုလက်ရှိက ဘယ်နှရာခိုင်နှုန်းရှိနေတာပါလဲ။

“၁၀ ရာခိုင်နှုန်းပါ။”

၂၀၁၃ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံတ၀န်းလုံး ဆက်သွယ်ရေးဝန်ဆောင်မှု ရရှိစေမယ်ဆိုတော့ အခု တင်ဒါခေါ်ပြီး လိုင်စင်ချပေးတာက အမြန်ဆုံးချပေးမယ့် သဘောရှိပါလား။

“ဟုတ်ပါတယ်။ တင်တဲ့လူကလည်း ဒီမှာလာပြီးတော့ လေ့လာဦးမယ်။ ပြီးရင် ဖြစ်နိုင်ချေနဲ့တွက်ပြီးမှ သူတင်မှာပေါ့။ တင်ပြီးရင် ရွေးချယ်တဲ့အဖွဲ့က ရွေးမယ်။ ရွေးပြီးရင် လုပ်ငန်းလိုင်စင် ကြေညာပေးမယ်။ ဘယ်ကုမ္ပဏီက ရတယ်ပေါ့။”

လက်ရှိ လိုင်စင်ရပြီးလုပ်နေတဲ့အဖွဲ့ ဘယ်နဖွဲ့ရှိပါလဲ။

“မရှိပါဘူး။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုပဲရှိပါတယ်။ ကျနော်တို့က ဥပမာ တရုတ်ပြည်ဆိုရင် China Telecom၊ China Unicom ဆိုပြီး ကုမ္ပဏီကြီးတွေရှိတယ်။ စင်ကာပူဆိုရင်လည်း SingTel ရယ်၊ StarHub ရယ်၊ M1 ရယ် ဒါပဲရှိတာကိုး။ အဲဒါမျိုးလုပ်ဖို့အတွက် အခု အော်ပရေတာ ခေါ်တာပါ။”

ဒါပထမဆုံး ခေါ်တာပေါ့။ နောက် မြန်မာပြည်ထဲမှာ လုပ်ချင်လို့ ဆက်သွယ်လာတာ အန်ကယ်တို့သိသလောက် ဘယ်လောက်လောက်ရှိပါလဲ။ ဘယ်နိုင်ငံတွေက ပါဝင်ပါလဲ။

“မှန်ပါတယ်။ အဲဒါတွေက အများကြီးပဲ။ ဥရောပ၊ အာရှ၊ ဂျပန်လည်းပါတယ်။ အများကြီးပါ။”

ဒါတွေခေါ်ပြီဆိုရင် ဘယ်လို မူဘောင်တွေ ချပြီးရွေးချယ်မှာပါလဲ။ ဥပမာ အသက်သာဆုံးဈေးနှုန်းနဲ့ ပေးနိုင်တဲ့ ကုမ္ပဏီတွေကို ပေးမှာလား။

“အဲလိုတော့ မဟုတ်ဘူး။ ရွေးချယ်တဲ့အဖွဲ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့လည်း ဆက်စပ်မှုမရှိဘူး။ ၀န်ကြီးဌာနနဲ့လည်း ဆက်စပ်မှုမရှိဘူး။ သူက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းပါ။ ဘာလို့လဲဆိုတော့ ဆက်စပ်မှုရှိရင် ကျနော်တို့ရဲ့ လွှမ်းမိုးမှုပါမှာစိုးလို့ သီးခြားခေါ်တာပါ။ မူတွေ ဘောင်တွေကျတော့ ဥပမာ တင်ဒါခေါ်ယူရေးအဖွဲ့ရှိပါတယ်။ ဒေါက်တာကံဇော် ဥက္ကဋ္ဌလုပ်ပြီးတော့လေ။ ဆက်သွယ်ရေးက ဒုဝန်ကြီးတယောက်ပဲ witness သဘောမျိုးပါပါတယ်။ ကျန်တာ ဆက်သွယ်ရေးက မဟုတ်ပါဘူး။”

ဆက်သွယ်ရေးက ၂၀၁၃ နှစ်ဝက်လောက်မှာ လိုင်စင်ပေးလိုက်ရင် ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီဖုန်း အပါအ၀င် အင်တာနက် အစရှိသဖြင့်က ပြည်သူတွေအတွက် ဘယ်လောက်အထိ အဆင်ပြေသွားနိုင်မလဲ ဒါလေးပြောပြပေးပါ။

“ဒါက လုပ်နိုင်တဲ့ ကုမ္ပဏီတွေအပေါ်မူတည်တယ်။ ကျနော်တို့က လာမယ့်နှစ်ကို အကုန်လုံး လက်ရှိမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရော၊ အဲကုမ္ပဏီတွေရောဆိုရင် အားလုံး တယ်လီဖုန်း density ကို ၂၇ ရာခိုင်နှုန်းတိုးတက်ဖို့ မှန်းထားပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာလည်း ပြောထားတယ်။ မြန်မာ့ဆက်သွယ်ရေးက လာမယ့်နှစ်မှာ ဖုန်း ၄ သန်းထည့်မယ်။ နောက် ကျနော်တို့နဲ့ အတူတွဲနေတဲ့ ရတနာပုံတယ်လီပို့ကလည်း ၄ သန်းထည့်မယ်။ အခု အသစ်ဝင်လာတဲ့ကုမ္ပဏီကကျတော့ နှစ်ဝက်လောက်မှ လုပ်ရမှာဆိုတော့ နှစ်ကုန်လောက်ဆို ၁ သန်းလောက်တော့ ၀င်နိုင်မယ် မှန်းတယ်။ လာမယ့်နှစ် တယ်လီဖုန်း ၁၀ သန်းလောက် ထပ်တိုးဖို့ မှန်းထားပါတယ်။”

အင်တာနက်အပိုင်းရော။

“အတူတူပေါ့ အဲထဲ အကုန်ပါပါတယ်။”

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအနေနဲ့ တခြား ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“လာမယ့်နှစ်မှာ ပြည်သူတွေကို ပိုကောင်းမွန်တဲ့ တယ်လီဖုန်းဝန်ဆောင်မှု ပေးနိုင်ဖို့ ဆက်သွယ်ရေးနဲ့ ယှဉ်ပြိုင်ဆောင်ရွက်မယ့် အော်ပရေတာတွေ ခေါ်တာပါ။ ဒီအတွက်လည်း ကြိုဆိုပါတယ်။ တခြားမရှိပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013