DVB Logo
Home
ကျန်းမာရေး
ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု
DVB
·
October 27, 2019
ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု
Donate to DVB
ကိုယ့်အနားမှာ ခြင်တွေ တဝီဝီ ဖြစ်နေသလား။ ဒါ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် သူများနဲ့ယှဉ်ထိုင်နေရင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ခြင်တွေက ရွေးကိုက်ကြတယ် ဆိုရင်တော့ အကြောင်းရင်းမရှိဘဲ မနေပါဘူး။ ခြင်ဆိုတာ ရောဂါပိုး သယ်ဆောင်လာတတ်တဲ့သွေးစုပ်အင်းဆက်တစ်မျိုးမို့ ခြင်များများကိုက်ခံရတာ မကောင်းပါဘူး။ သူတို့ကြောင့် ဇီကာဗိုင်းရပ်စ်၊ yellow fever၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား စတဲ့ ရောဂါတွေအပြင် ခုနောက်ပိုင်း ခေတ်စားလာတဲ့ ဆင်တုပ်ကွေးရန်လည်း ကြောက်ရပါသေးတယ်။

ကိုယ့်ကိုမှ ဘာကြောင့် ခြင်ပိုကိုက်တာလဲ

အတူတူထိုင်နေကြတဲ့အထဲ ကိုယ့်တစ်ယောက်တည်းကိုမှ ဝိုင်းဝိုင်းလည်နေတာ စိတ်တိုစရာပါပဲ။ ရေမချိုးထားလို့နေမှာပေါ့ ဆိုတဲ့ သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကလည်း တမှောင့်။ ဒီဆောင်းပါးဖတ်ပြီးရင်တော့ ငါရေချိုးထားလည်း ဒီအကြောင်းတွေကြောင့် ခြင်ပိုကိုက်တာပါလို့ ရဲရဲသာရှင်းပြလိုက်ပါတော့။

၁) ချွေးထွက်ခြင်း

ဒီသတ္တဝါအသေးစားလေးတွေက သင့်ရဲ့ချွေးထဲမှာရှိတဲ့ လက်တစ်အက်စစ်၊ အမွန်းနီးယားနဲ့ ယူရစ်အက်စစ်တို့ကို အရမ်းကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်က လေ့ကျင့်ခန်းလုပ်ထားတယ်ဆိုရင် ကြွက်သားတွေကြားမှာ လက်တစ်အက်စစ်က ဖြစ်ပေါ်လာနိုင်ပါတယ်။ ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း ကြိုက်တာကြောင့် အသက်ပြင်းပြင်းရှူထုတ်သူတွေနားကို ဝိုင်းနေတတ်ပါတယ်။ဒါ့ကြောင့်ပဲ လူကောင်ကြီးတဲ့သူတွေကို ခြင်တွေပိုကိုက်ပါတယ်(CO2 ထုတ်လုပ်မှုများလို့ ပါ)။

၂) အရောင်ရင့်တဲ့အဝတ်အစား

ခြင်တွေက အရောင်ရင့်တဲ့အဝတ်အစားကိုကြိုက်နှစ်သက်ပါတယ်။ အနက်ရောင်ဝတ်တဲ့သူကို အကိုက်ဆုံးပါပဲ။ ခြင်တွေက အဝေးကနေ ပစ်မှတ်ကိုလှမ်းရှာတတ်တာကြောင့် အရောင်ရင့်ရင် ပိုမြင်လွယ်ပါတယ်တဲ့။

၃) ဘီယာနဲ့ အရက်သောက်သုံးခြင်း

ဘီယာသောက်ထားတဲ့ညနေခင်းတွေမှာ ခြင်ကိုက်ပိုခံရတာ သတိထားမိပါသလား။ သူတို့ကြိုက်တာက ဘီယာကိုတော့ ဟုတ်ပုံမရပါဘူး။ အရက်ကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်မှုကို သိကြတာဖြစ်နိုင်ပါတယ်လို့ ဂျပန်သုတေသနတစ်ခုက ၂၀၀၂ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

၄) အငန်နဲ့အချိုများတဲ့ အစားအစာများ

ကိုယ်စားတဲ့အစားအစာတွေကြောင့်လည်း ခြင်တွေကိုပိုဆွဲဆောင်နေတာဖြစ်နိုင်ပါတယ်။ သူတို့က လူ့အရေပြားပေါ်မှာ အငန်များတဲ့အစားအစာတွေ၊ အချိုတွေကို အနံ့ခံသိရှိနိုင်ပါတယ်။ အငန်များတဲ့ အစာကိုစားရင် လက်တစ်အက်စစ်ပိုထွက်စေလို့ အာလူးကြော်၊ ငါးခြောက်ဖုတ် စတာတွေကိုစားထားရင် ခြင်တွေဝိုင်းနေမှာပါ။ ကိတ်မုန့်၊ ကွတ်ကီးစတဲ့ အချိုများတာတွေကို စားထားရင်လည်း အလားတူပဲ ခြင်တွေပိုမျက်စိကျစေပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ခုစားလို့ရတာက ကြက်သွန်ဖြူပါ။ သွေးစုပ်တတ်တဲ့သည်ခြင်တွေက ကြက်သွန်ဖြူနံ့ကိုတော့ မုန်းပါတယ်တဲ့။ ဒါ့ကြောင့် အပေါ်မှာပြောခဲ့တဲ့အစာတွေကို စားတော့မယ်ဆိုရင် ကြက်သွန်ဖြူကို ကြိုစားထားလို့ ရပါတယ်။

၅) ရေမွှေးနဲ့ တခြားအမွှေးနံ့များ

ရေမွှေးအပါအဝင် အမွှေးနံ့အမျိုးမျိုးက ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ အမွှေးနံ့ရတဲ့သူဆီ ပိုကိုက်ကြမှာဖြစ်ပါတယ်။

၆) ဘက်တီးရီးယား

ခြင်တွေက ဘက်တီးရီးယားကို နှစ်သက်ကြပြီး အရေပြားပေါ်မှာလည်း ဘက်တီးရီးယားက အများကြီးရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းက တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပြီး တတ်နိုင်သလောက် သန့်ရှင်းစွာ နေထိုင်ပါ။

၇) ကိုယ်ဝန်ဆောင်များ

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ခြင်နှစ်ဆပိုကိုက်တယ်လို့ သုတေသနကဖော်ပြပါတယ်။ ကိုယ်ဝန်ဆောင်တွေက ကိုယ်အပူချိန်ပိုများပြီး ကာဗွန်ဒိုင်အောက်ဆိုက်ရှူထုတ်မှု ပိုများတာကြောင့်လို့ ဆိုပါတယ်။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013