DVB Logo
Home
မေးမြန်းခန်း
ရခိုင်ဆွေးနွေးပွဲအခြေအနေ စောမြရာဇာလင်းနှင့် မေးမြန်းချက် (၁)
DVB
·
January 16, 2013
ရခိုင်ဆွေးနွေးပွဲအခြေအနေ စောမြရာဇာလင်းနှင့် မေးမြန်းချက် (၁)
Donate to DVB

ရခိုင်တိုင်းရင်းသားတွေ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရတာ၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စော်ကားခံနေရတာနဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေအတွက် အစိုးရက  ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းပြည်ပက ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လက်နက်ကိုင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုအခြေပြုအဖွဲ့၊ ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇန်န၀ါရီ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ ၄ ရက်တာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

[caption id="attachment_35375" align="alignright" width="150" caption="ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်း"][/caption]

ဒီအစည်းအဝေးကြီးကို ဦးဆောင်စီစဉ်ခဲ့သူတွေထဲမှာပါတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်းကို အစည်းအဝေးရဲ့ ထူးခြားချက်၊ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအခြေအနေ၊ ကချင်ထိုးစစ်အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။

ဇန်န၀ါရီ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ရခိုင်အဖွဲ့အစည်းအစုံပါဝင်တဲ့ အစည်းအဝေးကြီးရဲ့ ထူးခြားချက်လေးတွေ ပြောပြပေးပါ။

“ဒီအစည်းအဝေးဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ရခိုင်လူမျိုးထဲကနေ ဖွဲ့စည်းထားကြတဲ့ ပါတီအဖွဲ့အစည်းအသီးသီး၊ လူမှုအဖွဲ့အစည်းအသီးသီးနဲ့ အမျိုးသမီးအဖွဲ့အစည်းအသီးသီး စသည်အားဖြင့် စုံလင်စွာ တက်ရောက်ကြတဲ့ အစည်းအဝေးဖြစ်တယ်ဆိုတာ နံပါတ်တစ် ထူးခြားတဲ့အချက်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကျမတို့ ရခိုင်တမျိုးသားလုံး အရှေ့ကိုလျှောက်လှမ်းဖို့ ဘုံတူညီချက် သဘောထားတွေ ချမှတ်နိုင်ခဲ့ကြတယ်။ ဘယ်လို သဘောထားတွေလဲဆိုတော့ ရခိုင်တို့ရဲ့ ကံကြမ္မာကို ရခိုင်တို့ ဖန်တီးခွင့်ရရှိရေးဆိုတဲ့အပေါ်မှာ ရခိုင်တွေအားလုံးစုပေါင်းပြီး တူညီစွာ လက်တွဲဆောင်ရွက်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရရှိခဲ့ကြတယ်။ နောက်တခုက အင်မတန်မှ အရေးကြီးပါတယ်။ အဲလိုခရီးဆက်တဲ့အချိန်အခါမှာ ကျမတို့တွေက လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့လိုအပ်တယ်။ အဲအတွက် အလုပ်အဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တယ်။ အလုပ်အဖွဲ့မှာဆိုရင် အဖွဲ့အစည်းပေါင်းစုံက ပါတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုလုပ်ခဲ့လို့ အောင်မြင်တဲ့ ရလဒ်ဟာဆိုရင် ရခိုင်တွေထဲမှာ အောင်မြင်မှုရလဒ်တခုဖြစ်တယ်။ မင်္ဂလာရှိတဲ့ ရောင်ခြည်တခုဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်အနာဂတ်မှာ ဖြောင့်ဖြူးသာယာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။”

ဒီအစည်းအဝေးမှာ ရခိုင်အဖွဲ့ ဘယ်လိုအဖွဲ့အစည်းတွေမျိုး ပါဝင်ပါသလဲ။ နောက် အလုပ်အဖွဲ့ဆိုတာ ဘယ်လိုအလုပ်အဖွဲ့ပါလဲ။

“အလုပ်အဖွဲ့ဆိုတာ ရခိုင်တွေရှေ့ဆက်လျှောက်လှမ်းမယ့် လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် အကျိုးဆောင်ကော်မတီတခုပေါ့။ အကျိုးဆောင်ကော်မတီတခုကို ဖွဲ့စည်းနိုင်ခဲ့တာပါ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီလည်း အဖွဲ့အစည်းမှာပါလာမှာဖြစ်တယ်။ သူတို့တွေက ကိုယ်စားလှယ်ထည့်ဖို့ သဘောထား ပေးပြီးဖြစ်တယ်။ ကျမတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးလည်း ပါတယ်။ နောက် ရခိုင်လူငယ်တွေ စတင်ဖွဲ့စည်းထားတဲ့ ရခိုင်တပ်မတော်က လူငယ်တွေပါတယ်။ အန်ယူပီအေပါတယ်။ ဒီပီအေပါတယ်။ ပြည်တွင်းပြည်ပကလူတွေလည်း စုံစုံညီညီ ပါကြမှာဖြစ်တယ်။”

၂၀၀၄ က စတွက်ရင် ၁၀ နှစ်တာအတွင်းမှာ ဒါက အဖွဲ့ပေါင်းစုံပါခဲ့တဲ့ အစည်းအဝေးကြီးတခုပေါ့။ ရခိုင်လူမျိုးတွေညီညွတ်မှုတွေဟာ ဒီအစည်းအဝေးကြောင့် ပိုရလာတယ်လို့ ပြောလို့ရလား။

“သေချာပါတယ်။ ဦးထိပ်ပန်ဆင်ပြောချင်တာက ပြည်တွင်းက ရဟန်းသံဃာတော်တွေလည်း ကြွရောက်လာတယ်။ ချင်းမိုင်တို့၊ ဘန်ကောက်တို့မှာ စာသင်ကြားနေတဲ့ ရဟန်းသံဃာတော်တွေလည်း ကြွရောက်ပြီးတော့မှ ဒီပွဲကို ကောင်းချီးပေးကြတယ်။ ဆွေးနွေးကြတယ်။ သံဃာတော်တွေ ပါလာတာလည်း ကျမတို့အတွက် လေးစားဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ဆရာတော်တွေကလည်း ကျမတို့ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအပေါ်မှာ အင်မတန် တက်တက်ကြွကြွပဲ အကောင်းဘက်ကနေ ဆွေးနွေးပြီးတော့ ၀န်းရံသွားခဲ့ကြတယ်။ ကျမတို့အနေနဲ့လည်း မှတ်တမ်းတင်ပါတယ်။ နောက် ပြည်တွင်းပြည်ပမှာ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ လူငယ်တွေပါလာတယ်။ အသစ်ဖွဲ့စည်းခါစ အမျိုးသမီးကွန်ရက်တွေ ပါလာတယ်။ ဒီဘက်ကနေလည်း နိုင်ငံရေးပါတီကြီးတွေပါလာတော့ အင်မတန်မှ အားတက်စရာဖြစ်ပါတယ်။ အရင်က ရခိုင်ပြည်တော်လှန်ရေးထဲက ဆွေးနွေးပွဲလုပ်ခဲ့တယ်ဆိုရင် ဖွင့်ပြီးတော့ မကြာခင်မှာ အကြောင်းအမျိုးမျိုးနဲ့ မတိုက်ဆိုင်မှုတွေ ကြုံခဲ့ရတာ ရှိတယ်။ အခုဆိုရင် ထူးခြားချက်ရောင်ခြည်တွေ တော်တော်မြင်ရတယ်လို့ သုံးသပ်ပါတယ်။”

အခုလိုအခြေအနေမျိုးမှာ ရခိုင်ပြည်အတွင်းမှာလည်း မငြိမ်မသက်မှု ပြဿနာတွေ ရှိနေတယ်။ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ကစပြီး ရွေးကောက်ပွဲတွေမှာ ရခိုင်ပါတီတွေ အနိုင်ရလာတာ ရှိတယ်။ ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ပြဿနာတွေ ရှိတယ်။ ပါတီတွေနဲ့ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘာပြောနိုင်လဲ။

“အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလို့ ပြောချင်ပါတယ်။ ရွေးကောက်ပွဲကျင်းပလာတော့ ရခိုင်အမတ်တွေအများကြီး အနိုင်ရရှိတယ်။ ဒါဟာ ရခိုင်တွေအတွက် ၀မ်းသာစရာဖြစ်တယ်။ ဒါပေမယ့် အာဏာကတော့ ရခိုင်အမတ်တွေ၊ ရခိုင်ဝန်ကြီးတွေကို ပေးထားတာတော့ ရှိပါတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်အပြည့်အ၀ရှိလားဆိုတာတော့ စဉ်းစားစရာတော့ ရှိတယ်လို့ ကျမအနေနဲ့ မြင်တယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရတယ် ဆိုရင်တော့ ပိုကောင်းတယ်လို့ မြင်တယ်။ ရွေးကောက်ပွဲပြီးလို့ မကြာခင်မှာပဲ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ဆူပူမှုတွေ ဖြစ်သွားတာပေါ့နော်။ အဲတော့ ရခိုင်ပြည်မှာရှိသမျှ ပုဂ္ဂိုလ်တွေ စိတ်မကောင်းခံစားခဲ့ရတယ်။ ဒါတင်မကဘူး။ မြန်မာပြည်တ၀ှမ်းမှာရှိနေတဲ့ ကျမတို့မောင်ဖွားတွေ အားလုံး စိတ်မကောင်းစရာတွေ တွေ့ခဲ့ရတယ်။ အစိုးရကလည်း ခံစားချက်တွေဖြစ်မှာပါ။ အဲ့ပြဿနာဟာ ဘယ်လိုအကျိုးဆက်တွေကြောင့် ဖြစ်လာသလဲ။ ဘာကြောင့်ဖြစ်လာသလဲဆိုတာတော့ အင်မတန်ပဟေဠိဆန်လွန်းတယ်လို့ ပြောချင်တယ်။ နေရာတိုင်းမှာလည်း သုံးသပ်နေရပါတယ်။ ဟိုဘက်က ဟိုလူကို ထိုးချလိုက်။ ဒီဘက်က ဒီလူကိုထိုးချလိုက်နဲ့လည်း သုံးသပ်သံတွေက အမျိုးမျိုး ကွဲလွဲချက်ရှိပါတယ်။”

“ကျမအမြင်အရတော့ တချို့ တချို့ အဖြစ်အပျက်တွေက အင်မတန် ဆန်းကြယ်တယ်။ ဥပမာ တောင်ကုတ်မှာဖြစ်တဲ့ ပြဿနာ ဆိုရင် အစိုးရရုံးစိုက်တဲ့နေရာနဲ့ မဝေးဘူး။ ဒီလိုဖြစ်နေတာကို ဘာကြောင့် မတားနိုင်ခဲ့သလဲပေါ့။ ဒါက စိတ်ဝင်စားရမယ့်အချက်ဖြစ်တယ်။ နောက် ရခိုင်ပြည်နယ်မှာ မဲနိုင်လာတဲ့အချိန်မှာဖြစ်လာတယ် ဒါတခုပေါ့။ နောက် ပွင့်လင်းစပြုလာတဲ့ မြန်မာ့နိုင်ငံရေး။ ဒီအချိန်မှာ ရခိုင်ပြည်နယ်မှာ ဒီဘက်ကနေ ဆူပူမှုတွေဖြစ်လာတယ်။ ရခိုင်ပြည်နယ်မှာ ဆူပူဖြစ်လာတာဟာ ရခိုင်ပြည်ဆူပူမှုမဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အနောက်မြောက်ရဲ့ဒေသမှာဖြစ်တယ်။ ဒါ့အပြင် ကချင်မှာထိုးစစ်တွေဖြစ်နေတယ်။ အင်အားတွေ အလွန်အကျွံသုံးတယ်။ အဲဒါဟာ ဘာလဲပေါ့။ ပြုပြင်ပြောင်းလဲရေးလမ်းစကိုသွားဖို့ တကယ်တမ်းသွားဖို့ ဖြောင့်ဖြောင့်ဖြူးဖြူးသွားဖို့လမ်းမှာ ဒီကိစ္စတွေဟာ အနှောင့်အယှက်တွေများလားပေါ့။ ကျမတို့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မှုဖြစ်ရတယ်။ အင်မတန်မှ စိတ်မကောင်းလည်း ဖြစ်ရတယ်။”

ဆက်လက်ဖော်ပြပါမည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013