DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင်း ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
DVB
·
January 16, 2013
Donate to DVB

ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဒီနှစ်ထဲ ရာသီဥတု ဖောက်ပြန်တဲ့အတွက် စပါးအထွက်နည်းပြီး  လူထောင်နဲ့ချီပြီး စားနပ်ရိက္ခာ အခက်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ စတုထ္ထအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ချင်းလွှတ်တော်အမတ်တွေ ဒေသထဲ ကွင်းဆင်းစစ်ဆေးရာမှာ ထန်တလန်မြို့နယ်က ရွာပေါင်း ၆ ရွာဟာ စားစရာမရှိတော့ဘဲ ကျန် ၆ ရွာ က နောက်ထပ် ၂ လစာသာ ကျန်တော့တယ်လို့ ထန်တလန်မြို့နယ် ချင်းအမျိုးသားပါတီ ပြည်နယ် လွှတ်တော်အမတ် ပူးလာလ်မောင်းကျုံးက ဒီဗွီဘီကို ပြောပါတယ်။

“ရာသီဥတုကြောင့်ပေါ့။ လေတိုက်တယ်၊ မိုးရွာတယ်၊ သီးနှံဖျက်တဲ့ ပိုးတွေလည်း ထွက်တယ်။ ခါတိုင်းဆို တရွာလုံးမှာ ၇၅ ရာခိုင်နှုန်းက ပုံမှန်ဝမ်းစာ ဖူလုံတယ်။ ဒီနှစ်က တရွာမှာ ၅ ရာခိုင်နှုန်း ၄-၅ အိမ်လောက်ပဲ ၀မ်းစာဖူလုံတဲ့ သဘောပေါ့။ အတော်ဒုက္ခရောက်နေတယ်။”

ဇန်န၀ါရီ ၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ကွင်းဆင်းတွေ့ရှိချက်အရ စားနပ်ရိက္ခာ အခက်တွေ့နေတဲ့ ရွာတွေကတော့ ဘုံခွား ၊ လုံလျန်း ၊ လိုင်တေး ၊ ဒွန်ကျေး ၊ လုံတိန်း ၊ လျဲဘုတ် စတဲ့ ရွာတွေဖြစ်ပြီး နောက် ၂ လကြာမှာ  အခက်တွေ့ဖွယ်ရှိတဲ့ရွာတွေကတော့ ဖုန်က ၊ လွခွါ ၊ ထန်ဇန်း၊ ဆီးမို၊ တန်လောနဲ့ တန်ပီး စတဲ့ရွာတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။  စားနပ်ရိက္ခာအခက်အခဲကြုံနေရသူ အရေအတွက်ကတော့ ၅ထောင်လောက်ရှိမယ်လို့ လည်း သူက ခန့်မှန်းပါတယ်။

ထန်တလန်မြို့နယ်မှာ ရွာပေါင်း ၈၆ ရွာရှိတဲ့အတွက် အခြားရွာတွေရဲ့ အခြေအနေကို သိရဖို့ ဒီ ၁ ရက်၊ ၂ ရက် အတွင်း နောက်ထပ် ကွင်းဆင်းစစ်ဆေးဖို့ရှိကြောင်း၊ ကွင်းဆင်းရာမှာ ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ အတူ  စိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာနဲ့ ၀န်ကြီးတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

ခုလို စားနပ်ရိက္ခာရှားပါးမပြဿနာ ကိုင်တွယ်ဖြေရှင်းဖို့  လွှတ်တော်အမတ်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးနေပြီး  ခုလတ်တလောမှာတော့ ပြည်ပကအကူအညီတွေနဲ့ ပဲဖြေရှင်းနေရတယ်လို့  ပူးလာလ်မောင်းကျုံးက ပြောပါတယ်။

“လတ်တလော နိုင်ငံခြားမှာရောက်နေတဲ့ မိသားစုဆီက ငွေချေးတယ်၊ ငွေတောင်းတယ် အဲဒါနဲ့ ပြည်မကလာတဲ့ ဆန်ကို ၀ယ်စားကြတယ်။ နောက်ပြီး မရှိတဲ့လူက ချေးပြီး မျှစားကြတယ်။ အခုလောလောဆယ် အဲလိုပဲ ပြဿနာ ဖြေရှင်းနေရတယ်။”

ချင်းပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေသိရဖို့  ချင်းပြည်နယ်က မြို့နယ် ပေါင်း ၉ ခုစလုံးမှာ  သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ  ဒီဇန်န၀ါရီလကုန်အထိ အလားတူ ကွင်းဆင်းစစ်ဆေးဖို့ရှိပြီး အချက်အလက်တွေ အားလုံးစုံရင် ပြဿနာတွေ ဖြေရှင်းဖို့  ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရနဲ့ ပြည်သူ့လွှတ်တော်တွေမှာ တင်ပြဖို့ ချင်းလွှတ်တော်အမတ် တွေ စီစဉ်နေပါတယ်။
ချင်းပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၀၅ - ၂၀၀၆ ခုနှစ်က ကြွက်သောင်းကျန်းမှု ပြဿနာ ကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ချင်းပြည်နယ်တွင်း ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်