
ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအားလုံးဟာ လာမယ့် ၂၀၂၀ နှစ်ဆန်းကစပြီး ပြင်ဆင်ရေးဆွဲထားတဲ့ ကျောက်မျက်ဥပဒေနဲ့ အညီ တူးဖော် လုပ်ကိုင်ရတော့မှာ ဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
တရားမဝင်ကျောက်စိမ်းတူးဖော်မှုနဲ့ လူအစုအပြုံလိုက် သေဆုံးမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဖားကန့်မှာကျောက်တူးဖော်လုပ်ကိုင်တာကို ၂၀၁၉ ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ မိုးတွင်းကာလကို သုံးလ ရပ်နားထားဖို့ အစိုးရက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
မိုးရာသီကုန်လွန်ခဲ့ပြီ ဖြစ်တာကြောင့် နိုင်ငံတော်က ကုမ္ပဏီတွေ နစ်နာမှုမရှိအောင် ရပ်နားခိုင်းခဲ့တဲ့ အချိန်သုံးလကို အစားထိုး ပြန်ပေးတဲ့အနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ သုံးလကို ယခင်ဥပဒေဟောင်းအတိုင်း တူးဖော်ခွင့်ပြုထားခဲ့ပါတယ်။
အစားထိုးကာလကုန်ဆုံးပြီးနောက် ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့က ကစပြီး ပြင်ဆင်ရေးဆွဲထားတဲ့ ကျောက်မျက်ဥပဒေသစ်နဲ့ လုပ်ကိုင် တူးဖော်ကြရတော့မှာ ဖြစ်ပါတယ်။
အရင်ကကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေဟာ စက်ယန္တရားအလွန်အကျွံသုံးပြီး လုပ်ကွက်အမြောက်အများကို တူးဖော်ခွင့်ပြုထားတဲ့ ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲ ပြီး ၂၀၁၉ ဇန်နဝါရီလမှာ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။
ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ အလတ်စား ငါးဧက သက်တမ်း သုံးနှစ်နဲ့ အသေးစားနဲ့ တပိုင်တနိုင်နဲ့ လုပ်လုပ်စားလုပ်ကွက်တွေကို လုပ်ကိုင်ခွင့် ပြုတော့မယ်လို့ ပါရှိတာကြောင့် အရင်ကလို တူးဖော်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီတခုကို အလတ်စား ငါးဧကသာတူးဖော်ခွင့် ရရှိတော့မှာလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ပျက်စီးတာ လူတွေ အစုလိုက်အပြုံလိုက်သေဆုံးတာ ရှိတာကြောင့် အစိုးရသစ်လက်ထက်မှာ ကျောက်မျက်ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။
အစိုးရက ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဥပဒအရ အလတ်စား ငါးဧကသာ တူးခွင့်ပြုမယ်ဆိုရင် အရင်ကလိုကျောက်စိမ်းကို တူးဖော်လို့ အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ အသိုင်းအဝိုင်းက ပြောပါတယ်။
ဥပဒေသစ်ကြောင့် အရင်ကလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ အခက်အခဲတွေ အများကြီးတွေ့နိုင်ပြီးလုပ်ငန်းလည်းတွင်ကျယ်မှာ မဟုတ်ဘူးလို့လည်း ကျောက်မျက်ကုမ္ပဏီတွေက ပါတယ်။
သတင်း- ဇော်မိုးထက်(ဖားကန့်)











