တရုတ်နိုင်ငံက တီထွင်ထားတဲ့ အလေးချိန် ၂ တန်သယ်နိုင်တဲ့ မောင်းသူမဲ့ကုန်တင်လေယာဉ် SUNNY-T2000 ဟာ မတ် ၂၁ ရက်က ပထမဆုံးအကြိမ် ပျံသန်းခဲ့တယ်လို့ တရုတ်သတင်းဌာန CNS သတင်းမှာ ဖော်ပြပါတယ်။
ဝန်တင်ပစ္စည်းအများအပြားနဲ့ အဝေးပြေးအထွေထွေ သယ်ယူပို့ဆောင်ရေးပစ္စည်းတွေအတွက် ပြည်တွင်းအမြင့်နိမ့် ထောက်ပံ့ပို့ဆောင်ရေး လိုအပ်ချက်ကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးခဲ့တယ်လို့ ဆိုပါတယ်။
SUNNY-T2000 ကို ရှန်းယန်ဆန်နီ လေကြောင်းနဲ့ အာကာသစွန့်စွားရေးကုမ္ပဏီက လွတ်လွတ်လပ်လပ် တီထွင်ခဲ့တာပါ။
လေယာဉ်က ကြီးမားလေးလံတဲ့ ပစ္စည်းတွေကို အဝေးပြေး သယ်ယူပို့ဆောင်ရေး၊ ဒေသတွင်း လွှဲပြောင်းမှုနဲ့ ဂိတ်တွေကို လွှမ်းခြုံမှုတို့ကို ပေါင်းစပ်ထားတဲ့ ရှန်ဘေး ခရိုင်သစ်က သုံးဘက်မြင် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကို မြှင့်တင်ဖို့ ကူညီပေးမယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
ဒရုန်းမှာ ၁၅ ကုဗမီတာရှိတဲ့ ထောင့်မှန်စတုဂံပုံ ကုန်တင်ခန်းတခု တပ်ဆင်ထားပြီး အများဆုံး ၂ တန် အထိ တင်နိုင်လို့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေ၊ စက်မှုလုပ်ငန်းသုံး အစိတ်အပိုင်းတွေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးကို သယ်ဆောင်နိုင်ပါတယ်။
ကုန်စည်အပြည့် တင်ဆောင်ထားပြီး ဒရုန်းဟာ ကီလိုမီတာ ၁,၀၀၀ ကျော် ပျံသန်းနိုင်တဲ့အပြင် မီတာ ၈၀၀ ရှည်တဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ ပျံတက်ဆင်းသက်နိုင်ပါတယ်။
ဒရုန်းယာဉ်ရဲ့ ဒီဇိုင်းကြောင့် ဝေးလံခေါင်သီတဲ့နေရာတွေနဲ့ ရှုပ်ထွေးတဲ့ မြေပြင်အနေအထားတွေကြားမှာ ရောက်နေချိန်မှာ အဝေးပြေး ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
လေယာဉ်ဟာ လေကြောင်းကနေ ကုန်စည်တွေကို ချပေးနိုင်လို့ ပုံမှန်ကုန်စည်သယ်ယူ ပို့ဆောင်ရေးအပြင် အရေးပေါ်ကယ်ဆယ်ရေးနဲ့ တောမီးငြှိမ်းသတ်ရေးလုပ်ငန်းတွေအတွက်လည်း သုံးလို့ သင့်လျော်တယ်လို့ တရုတ်သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










