တရားရုံးထုတ်အချုပ်ကားကို အေအေအဖွဲ့ မိုင်းခွဲတိုက်ခိုက်၊ ရဲ ၂ ဦးသေ၊ အမျိုးသမီး ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ တရားရုံးထုတ်လာတဲ့ အချုပ်ကားနဲ့ လုံခြုံရေးယာဉ်တန်းကို အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီခွဲလောက်က ဘူးသီးတောင်- မောင်တောကားလမ်း မိုင်တိုင် (၅/၂) အနီးမှာ မောင်တောတရားရုံးကနေ ဘူးသီးတောင် အကျဉ်းထောင်ကို ထွက်ခွာလာတဲ့ အချုပ်ကားနဲ့ ယာဉ်တန်းကို အေအေတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးလောက်က အဝေးထိန်းမိုင်း ၂ လုံးဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
တိုက်ခိုက်ခံရတဲ့ တရားရုံးထုတ်အချုပ်ကား ၂ စီးအနက် တစီးက လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ အချုပ်သား အမျိုးသား ၂၀ ဦးလိုက်ပါလာပြီး တစီးကတော့ အချုပ်သား အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၂ ဦး လိုက်ပါလာတာဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အချုပ်သား အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘူးသီးတောင်မြို့ရှိ တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင် ကုသပေးစဉ် ဒဏ်ရာရသူတွေထဲက ရဲတပ်ကြပ် ဟိန်းဇော်နဲ့ ရဲတပ်သား ထွန်းအောင်ကျော်တို့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။











