DVB Logo
Home
မြန်မာသတင်း
‌ရွှေတောင်နယ်တွင် အမှတ် ၅၀၉ အ‌မြောက်တပ်က တောင်သူများကို နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်
DVB
·
October 24, 2019
‌ရွှေတောင်နယ်တွင် အမှတ် ၅၀၉ အ‌မြောက်တပ်က တောင်သူများကို နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်က တောင်သူ ၁၀ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀)နဲ့ အမှတ် ၅၀၉ အမြောက်တပ်က အမှုဖွင့်လိုက်ပါတယ်။

ရွှေတောင်မြို့နယ် ဝါးတော၊ ဇယ်မ၊ မဲတော၊ ထန်းကုန်း ကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ တောင်သူတွေကို အောက်တိုဘာ ၂၀ ရက်နေ့က မှုဖွင့်လိုက်တာလို့  ရွှေတောင်မြို့မ ရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

“အမှုဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ၂၀ ရက်နေ့က ဖွင့်လိုက်တာပါ၊ လူပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်ပေးရေး ပုဒ်မ (၁၀)နဲ့ ဖွင့်ထားတာပါ” 

ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာတွေက တောင်သူ ၄၀၀၀ ကျော်ကို စက်တင်ဘာလ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အမှတ် (၅၀၉)အမြောက်တပ်က စက်တင်ဘာ ၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။ နေရာဖယ်ရှားဖို့ ကြေညာချက်ကို မလိုက်နာရင် ဥပဒေအတိုင်းအရေးယူမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရွှေတောင်မြို့နယ်အတွင်းနေထိုင်တဲ့ တောင်သူတွေအနေနဲ့ ဘိုးဘွားအစဉ်အဆက် ဓားမဦးချ နေထိုင်ခဲ့တာပါ၊ လက်ရှိမှာ အဲဒီဒေသအတွင်း မြေဧက ၈၀၀၀ ကျော်ကို သိမ်းဆည်းခံထားရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တောင်သူတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ စာတင်ထားပေးမယ့် လက်ရှိအချိန်အထိ ထိရောက်တဲ့ ကူညီပေးမှုတွေ မရှိသေးတဲ့ အခြေအနေမှာ ရှိနေသေးတာ ဖြစ်ပါတယ် ။

“ကျနော်တို့မှာ သွားစရာနေရာလည်း မရှိပါဘူး။ လုပ်ကိုင်စားသောက်ဖို့လည်း မရှိပါဘူး။ အခု တောင်သူတွေထဲက ၁၀ ဦးကို ပုဒ်မ(၁၀)နဲ့ စွဲတယ်၊ ရဲစခန်းက စာတော့မပို့သေးဘူး။ ရဲစခန်းကို သွားမေးမှ သိရတယ်လို့” ရွေတောင်ကျောက်ထံရံ ကျေးရွာ ဒေသခံ ကိုဖိုးတိုးက ပြောပါတယ် ။

ဒီအခြေအနေတွေ‌ ဖြေရှင်းဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်ဟာ အဲဒီဒေသကို အောက်တိုဘာ ၅ရက်က ကွင်းဆင်းပြီး တောင်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အမြောက်တပ်နဲ့ ညှိနှိုင်းတာတွေ လုပ်ပေးမယ်လို့လည်း‌ ပြောဆိုခဲ့ပါတယ်။

ဒေသခံတောင်သူဦးအောင်မြင့်က “ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ၀န်ကြီးချုပ်တော့ လာသွားမယ် သူတပ်နဲ့ ညှိနှိုင်းမှု လုပ်ဆောင်ပေးမယ်ဆိုပြီး ပြောသွားတယ်။ ပြီးတော့ တပ်ဧရိယာမှာ အဆောက်အဦ တွေမရှိရင် တောင်သူကို ပြန်ပေးသင့်တယ်၊ ကျနော်တို့လည်း ဒီနေရာလေးမှာပဲ လုပ်ကိုင်စားတတ်ကြတာပါ။ ကျနော်တို့ကို နိုင်ငံတော်အကြီးအကဲတွေက အကူအညီ ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ရွေတောင်မြို့နယ် ဥယျာဉ်တောင်ယာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးမြင့်၀င်းမောင်က တောင်သူတွေကို နိုင်လွတ်လုံ ပုဒ်မ (၁၀)နဲ့ အမှုဖွင့်တာဟာ တောင်သူတွေအတွက် ကြီး‌လေးလွန်းတဲ့ ဥပဒေပုဒ်မဖြစ်တယ်လို့ ပြောပါတယ်။

“တောင်သူတွေက စစ်တပ်ကိုဘာမှမလုပ်ပါဘူး။ သူတို့တောင်ယာထဲမှာ သူတို့ဘာသာ စိုက်ပျိုးတာပါ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာဘာတခုမှ မလုပ်ကြပါဘူး။ နောက်တစ်ခုရှိတာက တောင်သူတွေ အများကြီးရှိတဲ့အထဲက ၁၀ဦးကိုပဲဘာလို့ အမှုဖွင့်တာလဲ။ လက်ရှိဖွင့်ထားတဲ့ ပုဒ်မ (၁၀)ကတော့ တောင်သူတွေအတွက် ကြီးလွန်းတယ်လို့ ထင်ပါတယ် “ လို့ ဦးမြင့်၀င်းမောင်က ပြောပါတယ်။

အဲဒီတောင်ယာတွေကို ၁၉၉၀ အလွန် န၀တ အစိုးရလက်ထက်ကတည်းက အထက်ဌာန တွေရဲ့ ညွှန်ကြားချက်နဲ့ သိမ်းယူထားတာ ဖြစ်ကြောင်း ၅၀၉ အမြောက်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ လျော်ကြေးနစ်နာကြေး တစုံတရာမရရှိပဲ သိမ်းဆည်းခံထားရတဲ့ တောင်ယာတွေ ကို တပ်အနေနဲ့ လိုအပ်သလောက် မြေတွေကိုသာ သိမ်းယူပြီး နိုင်ငံတော်ကို ပြန်လည်အပ်နှံစေချင် တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မြေတွေ နိုင်ငံတော်ပိုင်ဖြစ်မှ တောင်သူတွေကို ခွဲတမ်းပြန်ချပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

နိုင်လွတ်လုံ ဥပဒေလို့ လူသိများတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အကာအကွယ်ပေးရေး ဥပဒေဟာ  နိုင်ငံသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အာဏာရှိသူတွေက တရားလက်လွတ် ဖမ်းဆီးထောင်ချတာတွေ မလုပ်နိုင်အောင် အကာကွယ်ပေးဖို့ ရည်ရွယ်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲတဲ့ ဥပဒေဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလောကာလတွေမှာတော့  လယ်မြေတွေသိမ်းဆည်းခံရတဲ့ တောင်သူတွေကို  တပ်မတော်က တရားစွဲရာမှာ ဒီဥပဒေကို အသုံးပြုလေ့ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013