Homeမြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများ ခေတ်နှင့်အညီလိုက်ပါပြောင်းလဲရန် အဂတိတိုက်ဖျက်ရေးကော်မရှင် တိုက်တွန်း
နိုင်ငံ့ဝန်ထမ်းများ ခေတ်နှင့်အညီလိုက်ပါပြောင်းလဲရန် အဂတိတိုက်ဖျက်ရေးကော်မရှင် တိုက်တွန်း
Aung Ko Latt
·
October 24, 2019

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ခေတ်နဲ့ အညီလိုက်ပါပြောင်းလဲကြဖို့ အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းလိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မုံရွာမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း တွေရော စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပါ ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲဖို့လိုတဲ့အကြောင်းကို တိုက်တွန်းပြောဆိုခဲ့တာပါ။
"နိုင်ငံ့ဝန်ထမ်းများရော စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများပါ အခြားသူများရဲ့ အတွေ့အကြုံများမှ သင်ခန်းစာများရယူပြီး မိမိတို့ကိုယ်တိုင် ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲ နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းသူတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတရားစွဲဆိုတာမပြုလုပ်နိုင်ခဲ့ရင် အဂတိ တိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။ နိုင်ငံ့ ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို ဒီမိုကရေစီစံနှုန်းနဲ့အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးနိုင်ကြမယ်ဆိုရင် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု တရပ်လုံးက ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးထိခိုက်နစ်နာခဲ့ရတာတွေကို ဆောလျင်စွာ ကယ်တင်ကုသပေးနိုင်မှာဖြစ်ကာ မိမိတို့ရဲ့ မျိုးဆက်တွေအတွက် အဂတိကင်းတဲ့ လူ့ဘောင်ကို ထူထောင်ပေးနိုင်မယ်"လို့ပြောပါတယ်။
ကော်မရှင်အနေနဲ့ အဂတိတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဥပဒေစာအုပ် ဖြန့်ဝေတာတွေကို တိုင်းနှင့်ပြည်နယ်တွေ လုပ်ဆောင်ပေးနေပေမယ့် ဝန်ထမ်းတွေ၊ စီးပွားရေး သမားတွေအနေနဲ့ အဂတိတိုက်ဖျက်ရေးဥပဒေကို သိရှိမှုမှာ အားနည်းနေသေးတယ်လို့လည်း ဆိုပါတယ်။ ဥပဒေမသိနားမလည်တဲ့အတွက် ဥပဒေသိသူတွေက တမင်လုပ်ကြံတာကို ခံရနိုင်တဲ့အတွက်လည်း သတိထားကြဖို့ကို တိုက်တွန်းခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာခန်းမမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ အဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာတွေ၊ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ တရားရေးဌာနက တာဝန်ရှိသူတွေ၊ UNDP မှကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီအလုပ်ဆွေးနွေးပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ)နဲ့ ပညာရှင်တွေ၊ တိုင်းအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး၊ ACC အဖွဲ့ဝင်တဦးနှင့် UNDPနဲ့ ကုန်သည်စက်မှုအသင်းတာဝန်ရှိသူတွေကလည်း တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေး ခေါင်းစဉ်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲက စစ်ကိုင်းတိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင် စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့ထိ တရားစွဲဆိုတဲ့အမှုပေါင်း ၁၇၂ မှုရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်းက တရားရေးဝန်ထမ်းတွေ၊ ရဲ၊ သစ်တော၊ ထွေအုပ် စတဲ့ဝန်ထမ်းတချို့ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အခုလိုအလုပ်ရုံဆွေးနွေးပွဲတွေ၊ ဥပဒေအကြောင်းအရာတွေကို ရပ်ကျေးအဆင့်တွေထိ မကြာမကြာ ပြုလုပ်ပေးမှသာ အဂတိလိုက်စားမှုကို ပိုမိုထိရောက် ဟန့်တားဆောင်ရွက်နိုင်မယ်လို့ ည်း တက်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။