DVB Logo
Home
မြန်မာသတင်း
ရခိုင်လူမျိုးတို့၏ လုံခြုံရေး ကာကွယ်စောင့်ရှောက်ပေးရန် အစိုးရကို တောင်းဆို
DVB
·
January 15, 2013
ရခိုင်လူမျိုးတို့၏ လုံခြုံရေး ကာကွယ်စောင့်ရှောက်ပေးရန် အစိုးရကို တောင်းဆို
Donate to DVB

ရခိုင်တိုင်းရင်းသားတွေ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရတာ၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စော်ကားခံနေရတာနဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေအတွက် အစိုးရက  ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_35327" align="alignright" width="300" caption="ရခိုင်အဖွဲ့အစည်းများ ဆွေးနွေးနေကြစဉ်"][/caption]

ပြည်တွင်းပြည်ပက ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လက်နက်ကိုင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုအခြေပြုအဖွဲ့၊ ကျောင်းသား နဲ့ ရဟန်းသံဃာတော်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇန်န၀ါရီလ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ ၄ ရက်တာ တွေ့ဆုံ ဆွေးနွေးပြီးနောက် ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးခဲ့တဲ့နောက်ပိုင်း ရခိုင်ပြည်နယ်ထဲက လူတွေရော၊ ပြည်ပ အထူးသဖြင့် မလေးရှားနိုင်ငံမှာ သွားပြီး အလုပ်လုပ်နေတဲ့ ရခိုင်လူမျိုးတွေ ခြိမ်းခြောက်ခံနေရတဲ့အတွက်  မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးယူကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာလို့ ရခိုင်အမျိုးသမီးသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဒေါ်စောမြရာ ဇာလင်းက ပြောပါတယ်။

“ပေါက်တောမြို့နယ်မှာဆိုရင်လည်း လူတွေ တိုက်ခိုက်ခံရတယ်။ မြောက်ဦးမြို့နယ်မှာလည်း ကိုယ့်လယ်ကိုယ် လုပ်ကိုင်စားသောက်လို့မရဘူး။ လုပ်ငန်းခွင်လည်း ဆင်းမရဘူး။ အရင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကျိုးဆက်တွေရဲ့ နောက်ဆက်တွဲ ပြဿနာလို့ ပြောလို့ရတယ်။ ကျမတို့လူတွေ မလေးရှားအပါအ၀င် နေ့စဉ် ခြိမ်းခြောက်ခံနေရတာလည်း ရှိတယ်၊ အစော်ကားခံနေရတာ ရှိတယ်။ ဒါတွေက ကျမတို့တွေအတွက် လုံးဝလုံခြုံရေးကင်းမဲ့နေတာ ဖြစ်တယ်။ ဒါတွေ သက်ဆိုင်ရာ အစိုးရကို ပြောရမှာဖြစ်ပါတယ်။ ရခိုင်ပြည်မှာ မလုံခြုံဘူးဆိုရင် ကျမတို့က ရခိုင်အစိုးရကို တိုင်ပင်ရမယ်၊ ပြောရမယ်။ ထိုးနည်းလည်းကောင်း မလေးရှားနိုင်ငံမှာ အဲလိုမျိုးဖြစ်ပွားနေရင် မလေးရှားအစိုးရကို ကျမတို့ ပြောဖို့အစီအစဉ် ရှိပါတယ်။”

ဆွေးနွေးပွဲမှာ ရခိုင်ပဋိပက္ခကိစ္စအပြင်၊ ရခိုင်အမျိုးသားအားလုံး စည်းလုံးညီညွတ်ရေး၊ ရခိုင်ပြည်က သဘာဝအရင်းအမြစ်ကိစ္စနဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေပါ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်အဖွဲ့အစည်းသီးသီးအနေနဲ့ ကိုယ့်လုပ်ငန်း ဦးတည်ချက်နဲ့ လှုပ်ရှားဆောင်ရွက်နေရာမှာ  ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးမူပေါ်မှာ လက်တွဲဆောင်ရွက်ဖို့နဲ့ ရခိုင်အမျိုးသားတရပ်လုံး ညီညွတ်ရေးကိစ္စ ဆောင်ရွက်ဖို့ ၁၈ ဦးပါ ကော်မတီတရပ်ကိုလည်း ဒီ ဆွေးနွေးပွဲကနေ ဖွဲ့စည်းခဲ့တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဆွေးဆွေးပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းဖြစ်တဲ့ ကချင်ဒေသမှာ အစိုးရတပ်က အင်အားသုံးပြီးထိုးစစ်ဆင်နေတာကို ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့လည်း  အစိုးကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်ရဲ့ပြဿနာမှာ တရားမ၀င်ခိုးဝင်လာသူကိစ္စလည်း ပါတဲ့အတွက် အစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးကို မှန်ကန်စွာပြုလုပ်ပြီး ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဆယ်စုနှစ်တခုတာ ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်း ၁၇ ဖွဲ့က ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013