DVB Logo
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်းဒေသနှင့် မူးယစ်နွံထဲက ရခိုင်မျိုးဆက်သစ်များ
DVB
·
October 23, 2019
မြောက်ဦးရှေးဟောင်းဒေသနှင့် မူးယစ်နွံထဲက ရခိုင်မျိုးဆက်သစ်များ
1 / 4
Donate to DVB

မြောက်ဦးမြို့ဟု ဆိုလိုက်လျှင် လူတော်တော်များများက ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင် စေတီပုထိုးများရှိသည့်  မြို့‌တမြို့၊ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် မကြာခင် ဖြစ်လာတော့မည့်ဒေသအဖြစ် တန်းသိကြသည်။



ဗုဒ္ဓဘာသာဝင်များအနေဖြင့်သော်လည်းကောင်း၊ သို့မဟုတ် ရှေးဟောင်းအမွေအနှစ်များကို လေ့လာလိုသူများအနေဖြင့်သော်လည်းကောင်း မြောက်ဦးမြို့သို့ ရောက်ဖူးချင်တတ်ကြသည်။ ရခိုင်ဒေသသို့ ရောက်တုန်းရောက်ခိုက် မိုးရာသီလည်း ကုန်ခါစဖြစ်၍ ဘုရားလည်းဖူး သဘာဝရှုခင်း အလှအပတွေကို ဓာတ်ပုံလည်း ရိုက်ရန် ကျနော် မြောက်ဦးမြို့သို့  မကြာသေးခင်က ရောက်သွားခဲ့သည်။

မိုးကုန်ခါစ မြောက်ဦးမြို့တခွင်ကား စိမ်းလန်းစိုပြည်နေလေ၏။ မြို့နှင့် အနီးတဝိုက်တွင် မကြာခဏဆိုသလို တိုက်ပွဲများလည်း ဖြစ်လေ့ဖြစ်ထရှိနေသဖြင့် အချို့သောနေရာများတွင် လူသူအသွားအလာ ကင်းမဲ့လျက်ရှိသည်။ အင်တာနက် ဖြတ်တောက်ခံထားရသည့် မြို့များထဲတွင် ပါဝင်နေသော မြို့တမြို့လည်း ဖြစ်တာကြောင့် တချိန်က သိကျွမ်းခဲ့ကြသည့် မိတ်ဆွေတော်တော်များများနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရသည်။

မြောက်ဦးမြို့ထဲတွင် အလည်အပတ် လျှောက်သွားနေရင်း မိတ်ဆွေဟောင်းတဦးနှင့် လမ်းမှာ အမှတ်မထင်ဘဲ ဆုံဖြစ်ခဲ့ကြသည်။ သူနဲ့ ကျနော် မြို့နှင့်အနီးတဝိုက်တွင် ရှိနေကြသည့် စေတီပုထိုးများကို သွားရောက်လည်ပတ် ဖူးမြော်ဖြစ်ခဲ့ကြသည်။

အထူးသဖြင့် သျှစ်သောင်းပုထိုးတော်ကြီး၊ ဒုက္ကန်သိမ်၊ မင်္ဂလာမာန်အောင် စေတီတော်များကို ဖူးမြော်ကန်တော့ကြပြီးနောက် မြောက်ဦးခေတ်တွင် တည်ထားခဲ့သော ပိဋကတ်တိုက် ၄၈ တိုက်အနက် လက်ရာအမြောက်ဆုံးဖြစ်သော ချိန်ကိုက်ပိဋကတ်တိုက်သို့ ရောက်ရှိသွားခဲ့ကြသည်။

ကျနော်တို့ မိတ်ဆွေနှစ်ဦး ပိဋကတ်တိုက်အတွင်းသို့ လေ့လာရန် ဝင်ရောက်သွားစဉ် တိုက်ထဲတွင် ထိုင်းအခေါ် “ယာဘ” ၊ မြန်မာလို “မြင်းဆေး” စိတ်ကြွမူးယစ်ဆေးဝါးများကို သုံးစွဲထားကြသည့် ပစ္စည်းများကို တွေ့ရှိလိုက်ရသည်။

“ဒါကိုပဲ ကြည့်ပါတော့။ အခု လူငယ်တွေ မူးယစ်ဆေးဝါးတွေကို အလွယ်တကူရပြီး တော်တော့်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်၊ ဘယ်လိုလုပ်ကြမလဲ” ဟု ကျနော့်မိတ်ဆွေက စိတ်မချမ်းမြေ့ဖွယ် ညည်းတွားလိုက်သည်။ ပိဋကတ်တိုက် အနီးတဝိုက်တွင်လည်း ဆေးရှူတဲ့အခါ အသုံးပြုရသည့် ရေသန့်ဘူးခွံများကို နေရာအနှံ့ စွန့်ပစ်ထားကြတာတွေကို မြင်တွေ့ ခဲ့ရသည်။

နောက်တနေ့မနက်တွင် သဘာဝအလှနှင့် ရှေးဟောင်းစေတီပုထိုးများကို ဓာတ်ပုံရိုက်ရန် တောင်ကုန်းလေးတခုပေါ်သို့ ရောက်ဖြစ်သွားခဲ့ပြန်သည်။ တောင်ကုန်းလေးပေါ်တွင် တည်ရှိနေသော စေတီထဲတွင် အတွဲတတွဲ၊ စေတီရဲ့ အနောက်ဘက်ကို ပတ်ကြည့်လိုက်တော့ အနောက်ဘက်မှာလည်း အတွဲတတွဲကို တွေ့လိုက်ရသည်။

ပထမကတော့ သမီးရည်းစား ချိန်းတွေ့နေကြတာ ဖြစ်မည်ဟု ထင်လိုက်မိသည်။ သူတို့အနားသို့ ရောက်သွားတော့ မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် အနံ့များက ရလိုက်ရုံသာမက သူတို့၏ မျက်နှာအမူအရာများမှာလည်း ဆေးသုံးစွဲထားကြပြီး ဆေးစွဲနေကြသည့် မျက်နှာများ ဖြစ်နေပေတော့သည်။ 

ယခင်က “ရခိုင်တွေအရက်တော်တော် သောက်ကြတယ်”ဟု ပြောလေ့ပြောထရှိခဲ့ကြသည့် ရခိုင်ဒေသတွင် ယခုအခါ အရက်သာမကဘဲ မူးယစ်ဆေးဝါးများကိုလည်း အလွယ်တကူ ရယူသုံးစွဲနေကြခြင်းမှာ အများအသိပင် ဖြစ်သည်။









ယခုဆိုရင် ကျနော်တို့ အမြတ်တနိုး တန်ဖိုးထားလာခဲ့ကြသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးတော်များအတွင်း၊ သို့မဟုတ် အနီးတဝိုက်တွင် ယနေ့ခေတ် လူငယ်များ မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင် သုံးစွဲနေကြခြင်းကို ကိုယ်ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် အံ့သြတုန်လှုပ်မိသည်။

သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးတော်များသည် မူးယစ်ဆေးဝါးများ သုံးစွဲရန် နေရာများ မဟုတ်ပေ။ မူးယစ်ဆေးဝါးများ ရောင်းချခြင်းနှင့် သုံးစွဲသူများကိုပါ ထိရောက်စွာ အရေးယူသွားရန် စာရင်းများ ကောက်ယူနေသည်ဟုလည်း မကြာခင်က သတိပေးစာ တချို့ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိလိုက်ရပါသည်။ မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်သွားမည်ကိုတော့ ကျနော် မသိပေ။

ရခိုင့်မျိုးဆက်သစ်လူငယ်များ အညွန့်မတုံးသွားစေရန်အလို့ငှာ မူးယစ်ဆေးဝါးများကို အလွယ်တကူ ရယူနိုင်ပြီး အလွန်အကျွံ သုံးစွဲနေကြခြင်းများကို သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းမပေးနိုင်သည့်တိုင် ရပ်မိရပ်ဖ မြို့မိမြို့ဖများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းကာ အချိန်မီ ဝိုင်းဝန်းကာကွယ် တားဆီးသင့်နေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လှဌေး

ဓာတ်ပုံ- Hla Htay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013