DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မိသားတစု အသတ်ခံရ 
DVB
·
October 23, 2019
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မိသားတစု အသတ်ခံရ 
1 / 5
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ခြံစော င့်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား မိသားစု  ၃ ယောက်လုံး အသတ်ခံခဲ့ရပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဝမ့်မိုင်လွိုင်လော၀်းကျေးရွာကနေပြီး ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ စိုင်းကျန်တ (၄၀) နှစ်၊ နန်းအွန် (၅၅ နှစ်)တို့ လင်မယားနဲ့ သမီးဖြစ်သူ နန်းခမ်း (၂၈ နှစ်တို့ဟာ) သူတို့အလုပ်လုပ်နေတဲ့ ခြံထဲက တဲအိမ်လေးမှာဘဲ အသတ်ခံရခဲ့ရတာ ဖြစ်ပါတယ်။ 

ခြံပိုင်ရှင်ဖြစ်သူ နိုင်းတူမ်က  စိုင်းကျန်တအလုပ်မဆင်းတာ ၃ ရက်သွားပြီမို့ မနေ့မနက်က သူတို့တဲထဲကို လိုက်သွားရာမှာ အပြင်ကနေ တံခါးပိတ်ထားတာတွေ့ရပြီး အိမ်ထဲဝင်ကြည့်တော့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူတို့မိသားစုကို တွေ့လို့ ချင်းဒေါင်းရဲစခန်းကို အကြောင်းကြား ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ စိုင်းကျန်တကို မျက်လုံးကနေ နားရွက်ထိပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာနဲ့လည်းကောင်း၊ နန်းအွန်ကို ယာဘက်လက်ပြတ်လုနီးပါး ဓားခုတ်ရာ၊ ဦးခေါင်းထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လည်းကောင်း၊ သမီးဖြစ်သူ နန်းခမ်းကိုတော့ အိပ်ခန်းထဲမှာ ဦးခေါင်းထုနှက်ခံထားရတဲ့ဒဏ်ရာတွေ အသီးသီးနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ချင်းဒေါင်းရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 

သူတို့မိသားစုဟာ  လွန်ခဲ့တဲ့ ၂၄ နာရီလောက်က သေဆုံးခဲ့ဟန်ရှိပြီး အနီးနားမှာ သွေးစွန်းနေသော ဓားမြှောင် ၁ လက်၊ တုတ် ၁ ချောင်းနဲ့ အရက်ပုလင်းခွံ လုံးကိုတွေ့ရလို့ သက်သေအဖြစ်သိမ်းထားတယ်လို့ ရဲက ဆက်ပြောပါတယ်။ 

အလုပ်ရှင်နိုင်းတုမ်က သူတို့မိသားစုဟာ မြန်မာအလုပ်သမားတွေဖြစ်ပြီး သူ့ရဲ့ သစ်သီး ခြံထဲမှာ အလုပ်လုပ်လာတာ ၈ နှစ်ရှိသွားပြီဖြစ်ကြောင်း၊ တမိသားစုလုံး ရိုးရိုးသားသား အလုပ်ကြိုးစားပြီး ဘယ်သူနဲ့မှ မတည့်တာမရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ 

သေဆုံးပြီးတဲ့နောက် သူတို့စုဆောင်းထားတဲ့ ရွှေစငွေစတွေ ပျောက်ဆုံးနေတာကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ ပစ္စည်းလိုချင်လို့ သတ်သွားတာဖြစ်နိုင်တယ်လို့ ရဲက ခန့်မှန်းပါတယ်။ 

အလောင်းကို ဆေးစစ်ချက်တွေပြုလုပ်ဖို့ ချင်းဒေါင်းဆေးရုံကို သယ်ဆောင်သွားပြီး လူသတ်သမားကို ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းရဲက ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ချင်းမိုင် အခြေစိုက် HRDF လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက စိုင်းပိုင်းကလည်း သေဆုံးသူ အ လုပ်သမားတွေအတွက် ထိုင်းအစိုးရထံမှ ဂရုဏာကြေးရရှိဖို့ ဆောင်ရွက်ပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ် ။ 

“ဒီမနက်ဘဲ သေဆုံးသူရဲ့ဆွေမျိုးတွေက ကျနော်တို့အဖွဲ့ဆီလာပြီး အကူအညီတောင်း ပါတယ်။ ကျနော်တို့ ကူညီပေးနိုင်တာကတော့ အစိုးရဆီကနေ ဂရုဏာကြေးတွေ တောင်းခံပေး ဖို့ပါ။ အလုပ်သမားတွေ ဒီလိုအသတ်ခံရတယ်ဆိုရင် အစိုးရဗဟိုရံပုံငွေကနေပြီး ဂရုဏာကြေး တယောက်ကို ဘတ် ၁ သိန်းကျော် ထုတ်ပေး လေ့ရှိပါတယ်။ ခက်တာက သူတို့က ထိုင်းမှာရှိတဲ့ အထောက်အထားက နာမည်နဲ့ မြန်မာပြည်က အိမ်ထောင်စုစာရင်းနာမည်မတူလို့  ကျန်ရစ်သူ မိသားစုက ဂရုဏာကြေးထုတ်ဖို့ အခက်အခဲရှိနေတယ်၊ ဒီအန်အေ တူမတူပြန်စစ်ဆေးရပါမယ်။”

သေဆုံးသူတွေရဲ့ အလောင်းတွေလည်း အမှုမပြီးပြတ်သေးလို့ အသုဘမီးသင်္ဂြိလ်လို့ မရသေးပါဘူး။ 

ကိုးကား- ChiangmaiNews/ Sanook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013