DVB Logo
Home
မြန်မာသတင်း
မြန်မာအကျဉ်းထောင်များထဲ အိုင်စီအာစီ ပြန်ဝင်တော့မည်
DVB
·
January 15, 2013
မြန်မာအကျဉ်းထောင်များထဲ အိုင်စီအာစီ ပြန်ဝင်တော့မည်
Donate to DVB

နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) က အမှုထမ်းတွေ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲကို မကြာခင်မှာ ပြန်လည်ဝင်ရောက် လေ့လာစစ်ဆေးမှုတွေ ပြုလုပ်တော့မယ်လို့ အိုင်စီအာစီအဖွဲ့က ပြောကြားလိုက်ပါတယ်။

[caption id="attachment_35323" align="alignright" width="300" caption="သမ္မတနှင့် အိုင်စီအာစီ အကြီးအကဲ တွေ့ဆုံစဉ် (ဓာတ်ပုံ - www.president-office.gov.mm)"][/caption]

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေတဲ့ အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမာအူယာ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် အိုင်စီအာစီ အကျဉ်းထောင်တွေထဲ ပြန်ဝင်ဖို့ လာမယ့်  သီတင်းပတ်လောက်မှာ စတင်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အိုင်စီအာစီ မြန်မာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Takanori Hosokawa က “အစိုးရနဲ့ ဆွေးနွေးချက်တွေက လျှို့ဝှက်ထားရမယ့် ကိစ္စတွေပါ ထုတ်ပြောလို့မရပါဘူး။ အကျဉ်းထောင်တွေထဲဝင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သဘောတူညီချက် ရခဲ့တာကတော့ အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်တွေထဲ သွားရောက်လည်ပတ်မှုရဲ့ ကနဦးရှေ့ပြေး အစီအစဉ်တွေကို အစောဆုံး ရှေ့သီတင်းပတ်မှာ စတင်နိုင်တယ်ဆိုတာပါပဲ” လို့ ပြောပါတယ်။

ခုလို အိုင်စီအာစီအဖွဲ့ကို အကျဉ်းထောင်တွေထဲ ပြန်လည်ဝင်ရောက်ခွင့်ရတဲ့အပေါ်  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ယာယီအဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးညိုထွန်းက “အခုလို အိုင်စီအာစီ အကျဉ်းထောင်ထဲ ၀င်တာကို ၀မ်းသာအားရ ကြိုဆိုတယ်။ ဒီထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားအားလုံးဟာ အခွင့်အရေးရရှိမှုက အရမ်းနည်းပါးတယ်။ ဒီလို အိုင်စီအာစီက ၀င်လာတာဟာ အရမ်းကောင်းတဲ့ လက္ခဏာပါပဲ။ ခွင့်ပြုတာကိုလည်း အစိုးရကို ကျေးဇူးတင်ပါတယ်။”

အလားတူ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း အိုင်စီအာစီအဖွဲ့နဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ ခုလို အကျဉ်းထောင်တွေထဲ အိုင်စီအာစီ  ပြန်ဝင်ခွင့်ရတာဟာ အကျဉ်းသားတွေအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ပြောပါတယ်။

“အိုင်စီအာစီ ရှိနေခြင်းနဲ့ မရှိနေခြင်းအပေါ်မှာ ကြည့်ရင်တော့ ရှိနေခြင်းက အကျဉ်းသားတွေအတွက် အရမ်းကောင်းတာပေါ့။ အကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးနေတယ်၊ လှူဒါန်းနေတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အကျဉ်းသားတွေအတွက်၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်၊ အကျဉ်းသားတွေ နေထိုင်ရတဲ့ အဆင့်အတန်း၊ ကျန်းမာရေးအတွက် ရေတို့၊ မိလ္လာတို့၊ စားစရာတို့ ဘာပဲဖြစ်ဖြစ် အိုင်စီအာစီ ရှိနေရင် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ မြင်ပါတယ်။”

အိုင်စီအာစီဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀ဝ၅ အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေအပါအ၀င် ထောင်ကျအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ ၂၀ဝ၅ နှောင်းပိုင်းမှာတော့  အိုင်စီအာစီ အမှုထမ်းတွေအနေနဲ့ အကျဉ်းထောင်ထဲဝင်ရင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်တွေနဲ့အတူ ပူးတွဲသွားရောက် ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့တော့ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ဆန်းပိုင်းကတော့ ဘားအံ၊ မော်လမြိုင်နဲ့ မြောင်းမြထောင်တွေထဲကို အိုင်စီအာစီ ၀န်ထမ်းတချို့ နားလည်မှုနဲ့ သွားရောက်ခွင့်ရခဲ့ပေမယ့် အိုင်စီအာစီရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အကျဉ်းသားတွေကို တွေ့ဆုံတာနဲ့ အကျဉ်းထောင်တွေကို အပြည့်အ၀ စစ်ဆေးခွင့်တွေတော့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလကကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ကို အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေရဲ့ နေရေး၊ ထိုင်ရေးနဲ့ လူမှုဖူလုံရေးကိစ္စတွေ ကူညီဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013