တပ်မတော်သားကိုယ်စားလှယ်များတွင် ကိုယ်စားပြုမဲဆန္ဒရှင်မရှိဟု အန်အယ်ဒီအမတ် ဝေဖန်

တပ်မတော်စားလွှတ်တော် ကိုယ်စားလှယ်တွေမှာ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်ဆိုတာက မရှိဘူးလို့ အန်အယ်လ်ဒီလွှတ်တော်အမတ်က ပြောပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်က ကျေးရွာတွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလို ကိုယ်စားပြု မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင် မရှိသူတွေရဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမှုအပေါ် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က အခုလို ပြောတာပါ။
"ဥပဒေအရ ပြောမယ်ဆိုရင်တော့ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီလို ပြည်သူနဲ့ တွေ့ဆုံခွင့်ရှိတယ်လို့လည်း ပြော မထားသလို မရှိဘူးလို့လည်း ကန့်သတ်ထားတာမရှိဘူးပေါ့။ သို့သော် တပ်မတော်သားကိုယ်စားလှယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံကြောင့်သာ အချိုးအစားတစ်ခု အနေနဲ့ လွှတ်တော်ထဲမှာရောက်နေတာကို။ သူ့မှာ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေ၊ သူကိုယ်စားပြု တဲ့ မဲဆန္ဒရှင်ဆိုတာက မရှိဘူး။ အဲတော့ ကိုယ်စားပြုမှုအရ မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင် ရှိတာက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရှိမယ်။ ဒီလူတွေကို ကျော်လွန်ပြီးတော့ သို့မဟုတ် ဒီလူတွေနဲ့ အသိပေးညှိနှိုင်းခြင်းမရှိဘဲနဲ့ ဒီလို တွေ့ဆုံမှုတွေ လုပ်သင့် မလုပ်သင့်ဆိုတာက ဒါက လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်လာတာပေါ့ " လို့ ဆိုပါတယ်။
ဒီလို တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုကြောင့် လာမယ့် ၁၄ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေ မှာ လွှတ်တော်အခွင့်ရေးကော်မတီက တာဝန်ယူ မူကြမ်းပြုစုနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ကျင့်ဝတ် ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
"လွှတ်တော်ကနေ Code of Conduct ပေါ့ ကျင့်ဝတ်တစ်ခုပြဋ္ဌာန်းနိုင်အောင် လုပ်မယ်ဆို တာကလည်း ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒီလို ကျင့်ဝတ်မျိုး၊ ဥပဒေမျိုးပေါ်လာမှလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်းရှိမယ်။ ပြည်သူက ရွေးကောက်တင် မြှောက်ပြီးတော့ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ၂၀၀၈ အရ အချိုးအစားတစ်ခုပါဝင်နေတဲ့ ကိုယ် စားလှယ်နဲ့ဆိုတာ သူ့ရဲ့ တာဝန်ခြင်း၊ ၀တ္တရားခြင်း၊ လုပ်ပိုင်ခွင့်ခြင်းက ဘယ်လိုမှ တစ်ထပ်ထဲမကျနိုင်ဘူး။ အဲတော့ ဒီလို ကျင့်ဝတ်မျိုးပေါ်ပေါက်လာဖို့က အမှန်တကယ် လိုအပ်တယ်လို့ မြင်ပါတယ်"လို့ ဦးတင်သစ်က ဆိုပါတယ်။
ဥပဒေမှာ ဘယ်လိုအချက်တွေ ပါမယ်ဆိုတာမသိသေးမယ့် တာဝန်၊ ၀တ္တရား၊ လုပ်ပိုင်ခွင့် ပိုင်းခြားတဲ့ အချက်တွေကတော့ ပီပီသသပါဝင်သင့်တယ်လို့ ပြောပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ သူ့ရဲ့ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေနဲ့ ပုံမှန်ထိတွေ့နိုင်အောင် လုပ်ရတဲ့ ကိစ္စဟာ အချိန်၊ ငွေကြေး၊ လုပ်အား အများကြီးပေးပြီးမှ လုပ်ရတာဖြစ်လို့ အခု လို တပ်မတော်သားကိုယ်စားလှယ်တွေ တစ်ရက် နှစ်ရက်အတွင်း ဟိုတစ်ရွာ ဒီတစ်ရွာ ဆင်းရုံနဲ့ တကယ်ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောပါတယ်။











