ကေအန်ယူနှင့် မွန်ပြည်သစ်တပ်ဖွဲ့ ပဋိပက္ခဖြစ်သည့်နေရာကို ကွင်းဆင်းလေ့လာမည်

မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၂ရက်မှာ နှစ်ဖက်တာဝန်ရှိသူတွေက အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက် ကွင်းဆင်း လေ့လာမယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဒေသတဝိုက်မှာ အောက်တိုဘာ ၁၇ ရက်က ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီထိတွေ့မှုနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က နှစ်ဖက်တာဝန်ရှိသူတွေက ဘုရားသုံးဆူမြို့မှာရှိတဲ့ ကေအန်ယူဆက်ဆံရေးရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ နောက်ထပ်ပဋိပက္ခ ထပ်မဖြစ်ပွားဖို့နဲ့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ဖို့ နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
“သဘောတူညီချက်တွေ နှစ်ဖက်စလုံးက လိုက်နာမှုမရှိတဲ့အတွက် ဒီလို ပဋိပက္ခတွေဖြစ်တာ။ ဆိုလိုတာက တကယ်လို့ ဒီပြဿနာရှိလာလို့ရှိရင် လက်နက်နဲ့ မရှင်းကြဘဲနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးကြမယ်ဆိုတာ အဲဒါကိုမလုပ်လို့ အဲလိုဖြစ်လာခဲ့တယ်။ သူတို့ သဘောတူထားတာကတော့ နှစ်ဖက် တာဝန်ရှိသူတွေက အခင်းဖြစ်တဲ့မြို့နယ်ကိုသွားပြီးတော့ တပ်တွေကို ပြန်လည်ပြီးတော့ ထိတွေ့မှုမရှိအောင် နေရာချဖို့တော့ အဲလိုတော့ သဘောတူထားတာ ရှိတယ်။”
ဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီဘက်က ဗဟိုအလုပ်အမှုဆောင်ကော်မီဝင်၊ စစ်ရေးချုပ်နဲ့ မြို့နယ်ဥက္ကဋ္ဌတို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး ကေအန်ယူဘက်ကတော့ တပ်မဟာမှူး၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၊ ရုံးထိုင်မှူး၊ ဝင်းရေးမြို့နယ်ဥက္ကဋ္ဌ အစရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်က ထားဝယ်ခရိုင်၊ ရေးချောင်းဖျားအခြေစိုက် မွန်ပြည်သစ်ပါတီ ကင်းစခန်း မရမ်းချောင်းဝနဲ့ မွန်ပြည်နယ်ဘုရားသုံးဆူဒေသ ဗလဲ့ဒွန်ဖိုက်ရွာ တဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး မွန်ပြည်သစ်ပါတီဘက်က ဗိုလ်အဆင့်တယောက် ကျဆုံးသွားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်ကလည်း နယ်မြေအငြင်းပွားမှု ပြဿနာဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူအဖွဲ့တို့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။











