Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး 
ဇော်ဇော်လှိုင်
·
October 21, 2019
73515643_10220987187367380_5849854325983019008_o
ဂျပန်ဧကရာဇ်နာရူဟီတိုရဲ့ ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒီနေ့မနက် တွေ့ဆုံပါတယ်။  ဒီကနေ့ အောက်တိုဘာ ၂၁ရက် မနက် ၁၀နာရီခွဲလောက်က ၁၅မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရှိရ သေးပါဘူး။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်ဧကရာဇ်နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲကို လာရောက်မယ့် နိုင်ငံတကာက ခေါင်းဆောင်တွေ ၅၀ လောက်နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးနေတာ လည်းဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး တိုကျိုမြို့က Imperial Hotel မှာ တည်းခိုခဲ့ရာမှာ ရာနဲ့ချီတဲ့ ဂျပန်ရောက်မြန်မာတွေက စောင့်ဆိုင်းကြိုဆိုခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ  ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရပြီးနောက် ဂျပန်နိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ချစ်ကြည်ရေးခရီးတကြိမ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာက မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့တကြိမ်သွားရောက်ခဲ့ဖူးပြီး အခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024