DVB Logo
Home
မြန်မာသတင်း
ကလေးများ ခန္ဓာကိုယ်ကြံ့ခိုင်ရန် မူလတန်းကျောင်းများတွင် အစိုးရက နွားနို့ စတင်တိုက်ကျွေး
DVB
·
January 14, 2013
Donate to DVB

မြန်မာနိုင်ငံတွင်းက မူလတန်းကျောင်းသား ကလေးသူငယ် ၄၅,၀၀၀ ကို အခမဲ့နွားနို့တိုက် ကျွေးမယ့် ရှေ့ပြေးလုပ်ငန်း စီမံချက်ကို နေပြည်တော်က ကျောင်းပေါင်း ၃၀ မှာ ဒီနေ့စတင်လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၈ သန်းဖိုးရှိတဲ့ နွားနို့တိုက်ကျွေးရေး စီမံချက်စတင်တဲ့ ဒီနေ့မှာ နေပြည်တော်က မူလတန်း ကျောင်းသားကျောင်းသူပေါင်း ၁၀,၃၀၀ ကို နို့ဘူး တယောက် ၁ ဘူး စတင်တိုက်ကျွေးတာလို့ စီမံကိန်း ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ပြောပါတယ်။

မူလတန်းကလေးတွေကို နို့တိုက်ကျွေးဖို့ လုပ်ရတဲ့အကြောင်းကို ဒေါက်တာအောင်ကြီးက

“နွားနို့ဆိုတာက လူတိုင်းအတွက် လိုအပ်ချက်ဖြစ်တယ်။ နွားနို့သောက်ခြင်းအားဖြင့် ကျန်းမာဖွံ့ဖြိုးဥာဏ်ရည်တိုးစေတယ်။ နို့က လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တယ်။ နွားနို့သောက်သုံးမှ ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးမယ်၊ ကျနော်တို့လူမျိုးတွေ ကြံ့ခိုင်ဖွံ့ဖြိုးမှု အားနည်းတာသည် နွားနို့သောက်သုံးမှု နည်းလို့ဖြစ်တာ။ ဒါကြောင့် နိုင်ငံတော် သမ္မတကိုယ်တိုင်က နို့စားနွား မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ကို မွေးမြူရေးလုပ်ငန်းဝန်ကြီးဌာနကို လမ်းညွှန်တယ်။ ကျနော်တို့ ၀န်ကြီးဌာနအနေနဲ့ကလည်း နွားနို့တွေ ပိုမိုသောက်သုံးနိုင်အောင် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်အောင်၊ နွားနို့ပိုထုတ်လုပ်နိုင်အောင်၊ ပြည်သူတွေ သောက်သုံးအောင် ကျနော်တို့ တွန်းအားပေးပြီးဆောင်ရွက်နေတယ်။ ကနေ့ စလုပ်တဲ့အပိုင်းသည် ဆွီဒင်နိုင်ငံက ကုမ္ပဏီတခုက ကျနော်တို့ကျောင်းတွေမှာ နို့တိုက်ကျွေးတဲ့ အစီအစဉ်အတွက် လှူဒါန်းတယ်။”

နေပြည်တော်ကျောင်းတွေမှာ ဒီနေ့ကစပြီး ဖေဖော်ဝါရီလကုန်အထိ နို့တိုက်ကျွေးသွားမှာ ဖြစ်ပြီး တပတ်မှာ ကျောင်းဖွင့်ရက် ၅ ရက်စလုံး တိုက်သွားမယ်လို့ ပြောပါတယ်။  လာမယ့် ကျောင်းဖွင့်ရာသီ ဇွန်လကစပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့က  မူလတန်းကျောင်းသား  ၄၅,၀၀၀ ကို ဆက်လက်တိုက်ကျွေးသွားဖို့ ရှိပါတယ်။

ကျောင်းသားပေါင်း ၄၅,၀၀၀ ရွေးချယ်ရာမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးတို့ ပူးပေါင်းပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းတွေကို အဓိကထား ရွေးချယ်ပေးဖို့ အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

နို့တိုက်ကျွေးနေတဲ့ ကာလအတွင်း ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေကို ကျန်းမာရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူတယောက် တနှစ် နွားနို့သောက်သုံးနှုန်းဟာ ၂၆.၈ ကီလိုဂရမ်ပဲရှိပြီး အိမ်နီချင်း ထိုင်းနိုင်ငံမှာ ၈၀ ကီလိုဂရမ်ထိ ရှိနေတာမို့ နွားနို့သောက်ကြဖို့ လိုအပ်တယ်လို့ ဒေါက်တာအောင်ကြီးက  ပြောပါတယ်။

ကျောင်းသားကလေးသူငယ်တွေကို အခုလို နွားနို့တိုက်ကျွေးတာမျိုးက နှစ်ပတ်လည် လုပ်ဖို့ ကောင်းတယ်လို့ အိန္ဒိယအခြေစိုက် ယမုံနာဆေးခန်းက ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“မြန်မာကျောင်းသားကလေးတွေ အာဟာရဓာတ် လိုတာကတော့ တပြည်လုံးအတိုင်းအတာနဲ့ တသက်လုံးလုပ်ဖို့သင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ဒါမှသာ ကလေးတွေရဲ့ ဥာဏ်ရည်နဲ့ ကိုယ်ကာယဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဖွံ့ဖြိုးမှုတွေ တိုးတက်ပြီး ကောင်းတဲ့ကလေးတွေ ဖြစ်လာဖို့အတွက် လိုအပ်ပါတယ်။ ဒါမျိုးတွေ မြန်မာတပြည်လုံးနဲ့ နှစ်ပတ်လည်ထိ လုပ်သင့်တယ်လို့ ယူဆပါတယ်။ မြန်မာပြည်မှာ ကျန်းမာရေး ဘတ်ဂျက်က ဆင့်ပါးစပ်နှမ်းပက်လောက်ပဲ ရှိတာ။ အစိုးရလည်း မလုပ်နိုင်ဘူး၊ လုပ်တတ်ပုံလည်း မရပါဘူး။ ဒါကြောင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ အားလုံးက ၀ိုင်းပြီးလုပ်ကြမှသာ ဖြစ်ပါလိ့မ်မယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013