DVB Logo
Home
မြန်မာသတင်း
ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း နိုင်ငံတဝန်း ဆောင်ရွက်မည်
DVB
·
October 21, 2019
ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း နိုင်ငံတဝန်း ဆောင်ရွက်မည်
Donate to DVB

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံတဝန်းမှာ အောက်တိုဘာနဲ့ နိုဝင်ဘာလမှာ ဆောင်ရွက်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုလီယိုကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးတဲ့ မြို့နယ် ၉၆ မြို့နယ်မှာ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပြင် ပိုလီယိုကာကွယ်ဆေးကိုပါ တိုက်ကျွေးသွားမှာဖြစ်ပြီး ကျန်တဲ့ ၂၃၄ မြို့နယ်ကိုတော့ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးသာ ထိုးနှံမှာ ဖြစ်ပါတယ်။

၉၆ မြို့နယ်ကိုတော့ အောက်တိုဘာလအတွင်းပြီးစီးအောင် ဆောင်ရွက်မှာဖြစ်ပြီး ကျန်၂၃၄ မြို့နယ်ကိုတော့ နိုဝင်ဘာလအတွင်း စီမံကိန်းပြီးစီးအောင်ဆောင်ရွက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (အမြဲတမ်း အတွင်းဝန်) ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဒီ စီမံချက်မှာ ကုလသမဂ္ဂအေဂျင်စီတွေဖြစ်တဲ့  UNICEFနဲ့ WHOတို့ကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပါဝင်ကူညီ‌မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကို တိုင်းရင်းသားဒေသတွေမှာပါ ထိုးနှံပေးနိုင်ဖို့အတွက် ဆိုင်ရာတိုင်းရင်းသား ဘာသာစကားတွေနဲ့ လှုံ့ဆော်ပိုစတာတွေ၊ နည်းပညာပိုင်း အကူအညီတွေ၊ကျ န်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က June Kunugi ကပြောပါတယ်။

ကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေး ထိုးနှံမယ့် အသက်အုပ်စုတွေကတော့ ပိုလီယိုကာကွယ်ဆေးအတွက် မွေးစကနေ အသက်(၅)နှစ်အောက် ကလေးငယ်တွေ၊ ဝက်သက်−ဂျိုက်သိုးကာကွယ်ဆေး အတွက် အသက်(၉)လကနေ (၅)နှစ်ခွဲ အောက်ရှိ ကလေးငယ်‌တွေကို လည်းကောင်း ကာကွယ်ဆေးတိုက်ကျွေးထိုးနှံ မယ်လို့ သိရပါတယ်။

၉၆ မြို့နယ်မှာတော့ အောက်တိုဘာ ၂၅ ရက်ကနေ ၂၉ ရက်နေ့ထိ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၄ နာရီ အတွင်းကာကွယ်ဆေးထိုး စုရပ်တွေမှာ ပြုလုပ်ပေးမှာဖြစ်ပြီး ခန့်မှန်းကလေးငယ်ပေါင်း ၁.၂ သန်း ခန့်ရှိမယ်လို့ သိရပါတယ်။

ကျန် ၂၃၄ မြို့နယ်မှာတော့ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ၊ မနက် ၈ နာရီ ကနေ ညနေ ၄ နာရီ အတွင်း ခန့်မှန်းကလေးပေါင်း ၃.၅ သန်းကို ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံမှုတွေ လုပ်ဆောင်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ပိုလီယို၊ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်မှာ ပိုလီယို အကြောသေရောဂါကြောင့် ကလေးလေးဦးသေဆုံးခဲ့ပြီး အဆိုပါ ကလေးငယ်တွေဟာ ပိုလီယို အကြောသေကာကွယ်ဆေး တကြိမ်မှ ထိုးနှံဖူးခြင်းမရှိသူတွေနဲ့ တကြိမ်သာ ထိုးနှံဖူးသူတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖာပွန်မြို့နယ်မှာ ဖြစ်ပွားခဲ့မှုအပေါ် အ‌ခြေခံပြီး ပိုလီယိုကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးတဲ့ မြို့နယ်တွေမှာပါ စိုးရိမ်ဖွယ်ဖြစ်လာတဲ့အတွက် ဒေသတွေ ရွေးချယ်ကာ တိုင်းနဲ့ပြည်နယ် တစ်ဆယ့်လေးခုက ကိုးဆယ့်ခြောက်မြို့နယ်ကို ပိုလီယို ကာကွယ်ဆေးအပို‌ဆောင်း တိုက်ကျွေးဖို့ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ခုနှစ်မှာ နိုင်ငံအနှံ့ ကလေးငယ် ၃၂၀၀ကျော် ဝက်သက်ရောဂါဖြစ်ပွားခဲ့ပါတယ်။ အခု၂၀၁၉ခုနှစ်အတွင်းမှာလည်း  ကလေးငယ် ၃၈၀၀ခန့် ဝက်သက်ရောဂါ ခံစားခဲ့ရပြီး ၂၀၂၀မှာလည်း ဒီရောဂါ ဖြစ်ပွားနိုင်တဲ့အတွက် အပိုဆောင်းထိုးနှံပေးဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013