DVB Logo
Home
မြန်မာသတင်း
အိုင်စီစီ တရားစီရင်ခွင့်ရှိသည့် ဆုံးဖြတ်ချက် မြန်မာ ပယ်ချ
DVB
·
October 20, 2019
အိုင်စီစီ တရားစီရင်ခွင့်ရှိသည့် ဆုံးဖြတ်ချက် မြန်မာ ပယ်ချ
Donate to DVB

မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ)က တရားစီရင်ခွင့်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မြန်မာ ပယ်ချပြီး အကြွင်းမဲ့ တရားစီရင်ခွင့်ကို အသုံးပြုဖို့ အဓိကတာဝန်ရှိသူဟာ ပြစ်မှုဖြစ်ပွားခဲ့တဲ့နိုင်ငံပဲ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) မှာ ကန့်ကွက်ဆွေးနွေးခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်နဲ့ပတ်သက်လို့ အောက်တိုဘာ ၁၀ ရက်က ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး ကော်မရှင်က အစီရင်ခံစာကို ပြုစုနေတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးတော့ တပ်မတော် စစ်ဥပဒေချုပ်ရုံးကလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်နေသလို တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ မကြာခင် စစ်ခုံရုံး စတင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ သူ့ရဲ့ အစီရင်ခံစာတွေကို လုံးဝ ပယ်ချပြီး အဲဒီအဖွဲ့ရဲ့ ဆောင်ရွက်ချက်နဲ့ အစီရင်ခံစာတွေဟာ ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်းအကြား မယုံကြည်တာတွေ တိုးပွားလာစေနိုင်တယ်လို့လည်း ဆွေးနွေးခဲ့ပါတယ်။

ဒါကြောင့် FFM နဲ့ သူ့ရဲ့ အစီရင်ခံစာတွေအပြင် လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားကိုလည်း ပယ်ချခဲ့ပါတယ်။

ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပယ်ချပြီး တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ ဆွေးနွေးရာမှာတော့ အကြွင်းမဲ့ တရားစီရင်ခွင့်ကိုသုံးဖို့ အဓိက တာဝန်ရှိသူဟာ ပြစ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံပဲ ဖြစ်ပြီး ဒီအကြွင်းမဲ့ တရားစီရင်ပိုင်ခွင့်ကို တလွဲ အသုံးပြုနိုင်ခြေ ရှိတာကိုလည်း သတိထားဖို့ လိုတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

အကြွင်းမဲ့ တရားစီရင်ပိုင်ခွင့်ကို ကြိုးကိုင်ခြယ်လှယ်တာ၊ သီးသန့်ခွဲခြား ရွေးထုတ် အသုံးပြုတာ စတဲ့ အန္တရာယ်လည်း ကြီးကြီးမားမားရှိနေပြီး ဥပမာတခုကတော့ မြန်မာနိုင်ငံအပေါ် ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar -IIM) ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013