DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တောင်းဆို
DVB
·
January 14, 2013
ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တောင်းဆို
Donate to DVB

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတဲ့ ခေါင်းဆောင်တွေအပေါ် တရားစွဲထားတာကို မြန်မာအစိုးရက ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ရန်ကုန်နဲ့ တောင်ကြီး စတဲ့မြို့တွေမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၁၃ ဦးဟာ  သက်ဆိုင်ရာတရားရုံးတွေမှာ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုဥပဒေကို  ချိုးဖောက်မှုနဲ့ စွပ်စွဲပြီး တရားစွဲခံနေရတာပါ။

ဒီလိုတရားစွဲဆိုမှုဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တဲ့အတွက် စွဲဆိုထားတဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

HRW အာရှဒေသ လက်ထောက်ညွန်ကြားရေးမှူး ဖီလ်းရော်ဘတ်ဆန်း (Phil Robertson)က “မြန်မာအစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေအပေါ် စွဲဆိုချက်တွေက အခြေခံလူ့အခွင့်အရေး အပေါ် မြန်မာအစိုးရရဲ့ ကန့်သတ်ချက်ကို ထုတ်ဖော်ရာရောက်ပါတယ်” လို့  ပြောပါတယ်။

ဆန္ဒပြသူတွေအထဲက ၂ ဦးလောက်ဟာ ၂ လခွဲအတွင်းမှာ တရားရုံးကို အကြိမ် ၃၀ လောက် သွားရောက်ခဲ့ပြီး ရန်ကုန်မြို့ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေကိုတော့ ဆန္ဒပြရာမှာ ဖြတ်သန်းသွားတဲ့ မြို့နယ် ၁၀ ခုက စွဲဆိုထားပါတယ်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ချိုးဖောက်ပါက ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်ပြီး ဒဏ်ငွေ ၅ သောင်း ပေးဆောင်ရမှာလို့ ပြဋ္ဌာန်းထားတာပါ။

ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ တောင်ကြီးမြို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး တရားရင်ဆိုင်နေရတဲ့ ကိုဘိုဘိုက အခုလို ပြောပါတယ်။

“ဒီဥပဒေက သူတို့အတွက် ကာကွယ်ထားတဲ့ ဥပဒေ။ သူတို့က လုံခြုံရေးအကြောင်းပြတယ်၊ ကာကွယ်ရေးကို အကြောင်းပြတယ်၊ အရေးပေါ် စီမံချက်တွေကို အကြောင်းပြတယ်။ ခေတ်အဆက်ဆက်ပြန်ကြည့်ရင်လည်း ပြည်သူကို ဖိနှိပ်တဲ့အစိုးရတွေက ဒီဥပဒေတွေကို ထုတ်ပြီး လူထုကို နှိပ်စက်ခဲ့တာပဲရှိတယ်။ ဒီကိစ္စမှာ နံပါတ် ၁ တိုင်းပြည်မှာ လူစုလူဝေးလုပ်တာကို သူတို့ မကြိုက်ဘူး။ အဲတော့ ဘာသာရေးအရပဲကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် လူစုလူဝေးနဲ့ မိမိရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့် မပေးချင်သေးဘူးဆိုတာ ဖော်ပြလိုက်တာပါပဲ။ တဖက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်နက်မဲ့ ဆန္ဒပြလို့ရတယ် ဆိုပေမယ့် နည်းဥပဒေနဲ့ ပြန်ပြီးတော့ ချုပ်ကိုင်ထားတာ တွေ့ရတယ်။ ဥပဒေဆိုတာက ဘာလဲဆိုတော့ နံပါတ် ၁ ဖိနှိပ်တဲ့အစိုးရတွေက သူတို့အတွက် ပြည်သူကို နှိပ်စက်ဖို့ လက်နက်ကိရိယာတခုသာဖြစ်တယ်လို့ ပြောချင်တယ်။”

မြန်မာအစိုးရအနေနဲ့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ပြင်ဆင်သင့်တယ်လို့ HRW အဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013