DVB Logo
Home
မေးမြန်းခန်း
ချေးငွေတိုးပေးလိုက်ပေမယ့် မူဝါဒတွေ ပြောင်းလဲမှု မရှိပါဘူး – ဦးဝင်းဟန်
DVB
·
January 14, 2013
ချေးငွေတိုးပေးလိုက်ပေမယ့် မူဝါဒတွေ ပြောင်းလဲမှု မရှိပါဘူး – ဦးဝင်းဟန်
Donate to DVB

ချေးငွေတိုးပေးလိုက်ပေမယ့် မူဝါဒတွေ ပြောင်းလဲမှု မရှိသလို ချေးငွေထုတ်ပေးတဲ့ နေရာမှာလည်း ဘဏ်အနေနဲ့ တခြားဖြတ်တာတောက်တာ မရှိဘူးလို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အထွေထွေမန်နေဂျာ ဦးဝင်းဟန်က ပြောပါတယ်။

[caption id="attachment_35277" align="alignleft" width="300" caption="မြို့နယ်ဘဏ်ခွဲတခုတွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနေစဉ်"][/caption]

လာမယ့် မေလနောက်ပိုင်းကစပြီး တောင်သူလယ်သမားများကို ၁ ဧက စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁ သိန်း တိုးမြှင့်ပြီး ထုတ်ချေးပေးတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အန်ကယ်တို့ မိုးရာသီ စိုက်ချေးငွေဆိုတော့ ဘယ်တော့ စချေးမှာလဲခင်ဗျ။

“မိုးရာသီဆိုတော့ အခုလာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်။ မေလနောက်ပိုင်းဆိုရင် စိုက်ပျိုးချိန် အဲဒီနောက်ပိုင်းမှာ စချေးတာပါ။”

၁ သိန်းထိတိုးပြီး ချေးမယ်ဆိုတော့ စည်းကမ်းချက်တွေ တိုးထားတာ ရှိလား။

“မရှိပါဘူး။ ခါတိုင်း တောင်သူကို ချေးနေကျအတိုင်းပါပဲ။ နှုန်းထားတိုးလိုက်တာ တခုပဲ။ ၁ ဧက စိုက်ပျိုးစရိတ် ကုန်ကျစရိတ်ကို ပြည့်မီအောင် တဖြည်းဖြည်းနဲ့ တိုးတက်ပြီး ထုတ်ချေးတာက ၅ သောင်းကနေ ၈ သောင်း၊ ၈ သောင်းကနေ အခုဆို ၁ သိန်းပေါ့။ ကျန်တဲ့ မူဝါဒတွေကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။”

အန်ကယ်တို့ ကြေညာချက်ထဲမှာ အချိန်မီထုတ်ချေးပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ စိုက်ဧကတွေ မှန်ကန်စွာ စာရင်းပြုစုပြီးတော့ လယ်/ဆည် ကို ပို့ဖို့ဆိုတာ ဘာပါလဲ။

“အဲဒါက ကြီးကြပ်ဖို့ပါပဲ။ ခါတိုင်းလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဘဏ်ခွဲတွေကလည်း ဧကစာရင်းတွေကို ရုံးချုပ်ကို တင်ပြပေးတာပဲ။ အခုဟာက ချေးငွေနှုန်းထားတွေက များလာတော့ ဧကတွေ ဖောင်းပွတာတို့၊ ဧကတွေ မမှန်မကန် တင်လာတာတို့ မဖြစ်အောင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို ကြီးကြပ်ခိုင်းတဲ့သဘောပါပဲ။”

အရင် စိုက်ဘဏ်က ချေးငွေရနေတဲ့ တောင်သူတွေအားလုံး ရမယ့်သဘောလား ခင်ဗျ။

“အကုန်လုံးပါပဲ။ နဂိုတုန်းကဆိုရင် ချေးငွေနှုန်းထားနည်းတော့ တချို့တောင်သူတွေက မလိုချင်ကြဘူး။ အခု ချေးငွေနှုန်းထား များလာတော့ တောင်သူအသစ်တွေလည်း တိုးလာတယ်။ နဂိုက မယူဘူး၊ မချေးဘူးဆိုတဲ့တောင်သူတွေ။ ကျနော်တို့ကတော့ ဘဏ်နဲ့လာပြီးဆက်သွယ်တဲ့ တောင်သူတွေကို အမှန်တကယ် စိုက်ပျိုးတယ်ဆိုရင် ပေးနေပါတယ်။”

တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ပေးပြီဆိုရင် ကြားရလေ့ ဘာဖိုး၊ ညာဖိုး ဖြတ်တယ်လို့ ကြားရလေ့ ရှိပါတယ်။ အန်ကယ်တို့ ဘယ်လိုများ စီမံဆောင်ရွက်ထားပါသလဲ။

“ကျနော်တို့က ဘဏ်မှာပဲလာချေး၊ ဘဏ်မှာပဲ ငွေပြန်ဆပ်ဆိုတဲ့စနစ် ဆိုတော့ ကျနော်တို့ဘဏ်က ဒီဟာတွေနဲ့ ပတ်သက်ပြီး ဘာစရိတ်စကမှ ကောက်ခံတယ်၊ သဒ္ဒါကြေးတို့၊ တခြားစရိတ်စကတွေ ဘဏ်အနေနဲ့တော့ ဖြတ်တောက်တာ လုံးဝမရှိပါဘူး။”

အခုလာမယ့် မိုးရာသီ မေလလောက်ဆိုရင် စိုက်ပျိုးစရိတ်ချေးငွေ ၁ ဧကကို ကျပ် ၁ သိန်းရတော့မယ်ဆိုတော့ တောင်သူလယ်သမားတွေအပိုင်းက အန်ကယ်တို့ ဘဏ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုတာလေးတွေကိုလည်း ပြောပြပေးပါ။

“ပူးပေါင်းဖို့ဆိုတာက ကျေးရွာတွေမှာ ချေးငွေ စိစစ်ရေးအဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့တွေနဲ့ပဲ ဧကစာရင်းတွေကို မှန်မှန်ကန်ကန် တင်ပြရမယ်၊ ပေးရမယ်။ နောက် မနှစ်က ချေးထားတဲ့ ငွေတွေ ရှိတယ်။ အဲဒါတွေကို အခု ပြန်ကောက်နေပါပြီ။ ကြွေးသစ်ကလည်း ကျနော်တို့ ချေးတော့မှာဆိုတော့ အဲဒါကို အပြည့်အ၀ ကျေအောင် ပြန်ဆပ်ဖို့၊ ပူးပေါင်းဖို့ဆိုတာ ဒီလောက်ပဲ ရှိပါတယ်။”

ကျေးရွာတွေမှာ အန်ကယ်တို့ ဘဏ်တွေ ဖွင့်ဖို့ အစီအစဉ်ရှိပါသလား။
“ကျေးရွာတွေအရောက် လောလောဆယ် ဘဏ်ဖွင့်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013