DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင် ၃ လခန့် ဈေးကျခဲ့သည့် အသားစားကြက်ဈေး ပြန်တက်လာ
DVB
·
October 19, 2019
မန္တလေးတိုင်းအတွင် ၃ လခန့် ဈေးကျခဲ့သည့် အသားစားကြက်ဈေး ပြန်တက်လာ
1 / 2
Donate to DVB

သုံးလလောက် ဈေးကျဆင်းခဲ့တဲ့ CP ကြက်ဈေးကွက်ဟာ အခုရက်ပိုင်းအတွင်း ပြန်တက်လာပြီလို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်မွေးမြူသူတွေက ပြောပါတယ်။

ကြက်ခြံကနေ ဖောက်သည် ဝယ်ယူတဲ့ဈေး ၂၃၀၀ ကျပ်အထိ ကျဆင်းသွားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ၃၂၀၀ ကျပ် ဝန်းကျင်အထိ ဈေးပြန်တက်လာပြီလို့ တောင်ပြုန်းကျေးရွာနေ တပိုင်တနိုင် ကြက်မွေးမြူရေး လုပ်ကိုင်သူ ကိုမျိုးထက်အောင်က ပြောပါတယ်။

“ခုလောလောဆယ် ဈေးကတော့ သုံးငါးလောက်ထိ ရရင်တော့ မဆိုးပါဘူး။ အဲ့လောက်ထိဆိုရင်တော့ မွေးတဲ့သူတွေရော ကိုက်တယ်၊ စားသုံးတဲ့လူတွေရော မဆိုးဘူး ကိုက်တယ်ပေါ့။ ဈေးကကျသွားရင် မွေးမြူရေးဘက်ကျ မကောင်းတော့ဘူး၊ စားသုံးသူတွေကတော့ မဆိုးဘူးပေါ့ဗျာ၊ ဈေးကျတော့ ကြက်က အသေအပျောက် များရင် များသလိုပေါ့ဗျာ၊ အသေအပျောက်မရှိရင် မရှိသလိုပေါ့။ အသေအပျောက်များရင်တော့ ဈေးက တက်တာပေါ့။ အသေအပျောက် သိပ်မရှိတော့ရင် ကြက်ဖြစ်အားကောင်းလို့ရင် ကြက်ဈေးကတော့ သိပ်မလှုပ်ဘူး။"

မွေးမြူရေးကြက်တကောင်ရဲ့ အသားတင် ကုန်ကျစရိတ်ဟာ ၂၇၀၀ ကနေ ၂၉၀၀ ကျပ်အတွင်း ရှိတယ်လို့ သိရပါတယ်။‌ ဈေးနှုန်း အင်မတန်ကျဆင်းခဲ့တဲ့အတွက် အရှုံးများခဲ့တယ်လို့လည်း သိရပါတယ်။ 

ကြက်ဈေး ကျဆင်းခဲ့တာဟာ ပြည်တွင်းမှာ အသားစားကြက်မွေးမြူသူ များပြားလာပြီး ဝယ်ယူစားသုံးမှု မြင့်တက်လာတာ မရှိတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

မွေးမြူရေးကြက်ကို တပိုင်တနိုင် မွေးမြူသူတွေအနေနဲ့ ပြည်ပအထိ တင်ပို့နိုင်တာ မရှိသေးတဲ့အတွက် ကြက်မွေးမြူရေးလုပ်ကိုင်တဲ့ ကုမ္ပဏီကြီးတွေက ဦးဆောင် လုပ်ကိုင်သင့်တယ်လို့ တပိုင်တနိုင် ကြက်မွေးမြူသူတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ကြက်မွေးမြူရေး လုပ်ကိုင်သူ ဦးကိုကြီးက “Export ပို့ဖို့ကိုတော့ ဒါကတော့ ကုမ္ပဏီတွေ ဘာတွေက လုပ်ပေးမှ အဆင်ပြေမှာ၊ ကုမ္ပဏီတွေက Export ကုမ္ပဏီတွေ ဘာတွေတည်၊ သားသတ်စက်ရုံကြီး‌တွေ ထောင်ပြီးတော့ပေါ့၊ သူတို့ပို့ပေးရင်တော့ အဆင်ပြေပါတယ်" လို့ ပြောပါတယ်။



ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကနေ ကြက်ပေါက် တင်သွင်းခွင့်ကို တရားဝင် ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ ပြည်တွင်းမှာ ကြက်ပေါက်ထုတ်လုပ်မှု အရေအတွက် သတ်မှတ်‌ပေးသင့်ကြောင်းနဲ့၊ ပြည်ပက တင်သွင်းတဲ့ ကြက်ပေါက်အ‌ရေအတွက်ကိုလည်း ကန့်သတ်ထားပေးသင့်တယ်လို့ ပြည်တွင်း ကြက်မွေးမြူသူတွေက ပြောပါတယ်။

ပြည်တွင်းမှာ ကြက်စားသုံးမှု မြင့်တက်လာစေဖို့အတွက် စားသုံးသူ ဈေးကွက်အတွင်း ဖြန့်ချိနေတဲ့ ကြက်သားဈေးကွက်ကိုလည်း ဈေးနှုန်းလျှော့ချသင့်တယ်လို့ မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် ပြည်တွင်းက မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးစနစ်တွေ ပြောင်းလဲ ဆောင်ရွက်ထားသင့်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက အကြံပြုထားပါတယ်။

“ခုဆို ရာသီဥတုတွေ ပြောင်းလဲလာတယ်၊ ရာသီဥတုကို ခံနိုင်တဲ့ မွေးမြူရေးစနစ်တွေ၊ အလုံပိတ် အအေးပေးစနစ်တွေ၊ ဇီဝလုံခြုံရေးကောင်းတာတွေ ပြောင်းလာတယ်။ ဒါတွေကို မွေးမြူသူတွေအနေနဲ့လည်း မျက်ခြည်မပြတ်သင့်ဘူးလေ၊ လိုက်ပြီးတော့ ကိုယ် ပြောင်းနိုင်သလောက်ပေါ့၊ အားလုံး ပြောင်းရမယ်လို့တော့ ပြောတာမဟုတ်ပေမယ့် ပြောင်းနိုင်သလောက်တော့ ပြောင်းထားမှရမှာပဲ။ ဘာဖြစ်လို့လဲဆို နောက်ပိုင်းမှာ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှု လက်ရှိဝင်နေတဲ့ခါကျတော့ နောက်ပိုင်း တော်တော်လေး ယှဉ်ပြီးလုပ်ရမယ့် အနေအထား ဖြစ်တဲ့အတွက် ပြည်တွင်းက လူတွေလည်း ဒီလုပ်ငန်းတွေမှာ လိုက်ပါနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပြည်တွင်းက လူတွေက လိုက်ပါနိုင်စွမ်း မရှိဘဲနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပဲ ကြီးစိုးသွားမှာမျိုးလည်း မကောင်းဘူးပေါ့။ တကယ်တမ်းကတော့ ပြည်တွင်းက လူတွေကလည်း ဒါတွေကို လိုက်ပါပြီး လုပ်နိုင်ဖို့လိုပါတယ်၊ ဒါကို ကြိုးစားဖို့ လိုပါတယ်။"

လက်ရှိမှာ ကြက်သားဈေး မြင့်တက်လာပြီ ဖြစ်ပေမယ့် အခြေခံဈေးနှုန်းတခု သတ်မှတ်ပေးပြီး အဆိုပါဈေးထက် မကျဆင်းအောင် စီစဉ်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်း မတ္တရာ၊ တောင်ပြုန်း၊ စဉ့်ကိုင်၊ ပုလိပ်၊ ကျောက်ဆည်နဲ့ ပျော်ဘွယ် စတဲ့ ဒေသတွေမှာ အသားစားကြက်ကို အဓိက မွေးမြူကြပြီး ပြင်ဦးလွင်နဲ့ နောင်ချိုတဝိုက်မှာတော့ ဥစားကြက်ကို အဓိကမွေးမြူကြတယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်းမှာ အသားစား ကြက်ကောင်ရေ သိန်း ၃၀ လောက်နဲ့ ဥစားကြက်ကောင်ရေ သိန်း ၂၀ လောက်ကို ရာသီအလိုက် ပုံမှန်မွေးမြူနေတယ်လို့ မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013