DVB Logo
Home
မေးမြန်းခန်း
လက်ပန်းတောင်း သဘာဝပတ်ဝန်းကျင် ကွင်းဆင်းစစ်ဆေးမှုအခြေအနေ မေးမြန်းချက်
DVB
·
January 11, 2013
လက်ပန်းတောင်း သဘာဝပတ်ဝန်းကျင် ကွင်းဆင်းစစ်ဆေးမှုအခြေအနေ မေးမြန်းချက်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဇန်န၀ါရီလ ၁၁ ရက်နေ့စွဲနဲ့ သတင်းကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီသတင်းကြေညာချက်ထဲမှာ ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်က စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိမရှိ စိစစ်ဖို့ မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့ကို တာဝန်ပေး ဆောင်ရွက်စေခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

[caption id="attachment_35252" align="alignright" width="300" caption="ဇန်န၀ါရီ ၁၀ ရက်နေ့က လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘာဝပတ်ဝန်းကျင်နဲ့သိပ္ပံကျွမ်းကျင်ပညာရှင်များ လွှတ်တော်အဆောက်အအုံ I-12 ခန်းမတွင် တွေ့ဆုံစဉ်"][/caption]

မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးစိုးသူရထွန်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးစိုးသူရထွန်းတို့အဖွဲ့ လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်မှာ လေ့လာကွင်းဆင်း စစ်ဆေးခဲ့တာတွေ ထဲက ပြောလို့ရတာတွေ ပြောပြပေးပါ။ ဘာတွေ လုပ်ဆောင်ခဲ့ပါလဲ။

“လေ့လာခဲ့တာတော့ အမျိုးမျိုးပါပဲ။ သဘာဝပေါက်ပင်၊ အပင်နဲ့ သတ္တ၀ါတွေ ဂေဟဗေဒ အပိုင်း။ နောက် မြေအောက်ရေနဲ့ စီးဆင်းရေပေါ့။ ချင်းတွင်းမြစ် အနီးပတ်ဝန်းကျင်က ရေတွင်းတွေဘာတွေ နမူနာကောက်တယ်။ တိုင်းတာတယ်။ မှတ်သားတယ်။ နောက်ဒေသခံတွေနဲ့ တွေ့ပြီး စကားပြောကြည့်တယ်။ သူတို့ဆန္ဒတွေ သဘောထားတွေ ကောက်တယ်။ ကုမ္ပဏီဘက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အချက်အလက်တွေ ယူပါတယ်။”

အဓိက မီဒီယာတွေမှာ တော်တော်များများလည်း ရေတွေဟာ သောက်သုံးဖို့မသင့်ဘူး၊ ပတ်ဝန်းကျင်တွေ ပျက်နေပြီ။ ဦးစိုးသူရထွန်းတို့ စစ်ဆေးချက်အရ ဘယ်လိုတွေ့ခဲ့ရလဲ။

“သူ့ရဲ့ရလဒ်ကိုတော့ ကျနော်တို့ မပြောလိုသေးဘူး။ အမျိုးမျိုးပေါ့၊ တမျိုးတည်း တစားတည်း တွေ့ခဲ့တာမဟုတ်ဘူး။ ဖြစ်နေတဲ့ ပုံသဏ္ဌာန်တွေကလည်း အမျိုးမျိုးရှိတယ်။ ဖြစ်စဉ်ကလည်း အမျိုးမျိုးရှိတယ်ဆိုတော့ ဒါတွေက ချက်ချင်း ကျနော်တို့အဆင့်နဲ့က ပြောဖို့က စောသေးတယ်ထင်တယ်။ ကျနော်တို့ဘက်ကလည်း အစီရင်ခံစာအဆင့်တောင် မရောက်သေးဘူး။ မပြီးသေးဘူးလေ။ လုပ်ငန်းတွေလည်း အစမသတ်သေးဘူး။ ကော်မရှင်ကလည်း ကျနော်တို့ဘက်က ပြီးတာနဲ့ သူတို့လည်း ဆုံးဖြတ်မယ်ဆိုတော့ လောလောဆယ် ဘာမှ အသေးစိတ် မပြောနိုင်သေးတဲ့ အခြေအနေပါပဲ။”

ဦးစိုးသူရထွန်းတို့ ကော်မရှင်တင်ရမယ့် အချက်တွေထဲမှာ အဓိက ဘာတွေ ပါပါလဲ။

“ယေဘုယျ ပြောရင်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အခြေအနေတွေ အားလုံးပါပဲ။ အချိန်တိုအတွင်းမှာ အမြန်ဆုံး ကြည့်ပြီးတော့ မြင်တဲ့ သဘောထားတွေ ပြောဖို့ပါ။”

အချိန်ဘယ်လောက်ရပါလဲ။ အချိန်လုံလောက်လား။

“လေ့လာမှုပုံစံအမျိုးမျိုးပေါ့လေ။ သူ့အတိုင်းအတာနဲ့ သူပါပဲ။ ဒီမှာလည်း ကျနော်တို့ ပြောနိုင်တဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ မပြောနိုင်သေးဘဲနဲ့ သူတို့နောက်မှ ဆက်လုပ်သင့်တာတွေလည်း အများကြီးပေါ့။ တကယ့် တကယ်ပြောရမယ်ဆိုရင် စီမံကိန်းဘက်က သူတို့ဘာသာသူတို့ အစောကြီးကတည်းက လုပ်ရမယ့် အပိုင်းတွေပါ။ အခုမလုပ်သေးလို့ နောက်လုပ်မယ်ပဲ ပြောပြော၊ အရင်လုပ်ထားသင့်သလောက် ရှိထားပြီးပဲ ပြောပြောပေါ့။ ဒါတွေအားလုံးကို  သူတို့အတွက် ကျနော်တို့လေ့လာချက်တွေကတော့ သူတို့ဆက်လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်ပေါ့လေ.။ ဒါကဘယ်လိုဖြစ်လာမယ် မသိသေးဘူး။ အဲကျရင် ပိုကောင်းတဲ့ လမ်းညွှန်ချက် ဖြစ်လာမယ့် သဘောပေါ့။”

ဦးစိုးသူရထွန်း ကော်မရှင်စုံစမ်းရေးအနေနဲ့ မဟုတ်ဘဲ အဲကို အရင်ကရောရောက်ဖူးလား။

“ရောက်ဖူးပါတယ်။ ပတ်ဝန်းကျင်သမားတွေဆိုတော့ နေရာအားလုံးကို ဒီဘက်တွေ ရောက်ခဲ့တာ များပါတယ်။ လေ့လည်း လေ့လာဖူးပါတယ်။”

ဘယ်နှခုနှစ်လောက်ကပါလဲ။

“အရင် တက္ကသိုလ်မှာလည်း ဆရာဆိုတော့ ဆရာဘ၀ကတည်းကပေါ့။ ၁၉၉၆-၉၇ လောက်ကတည်းက။”

အခု ၁၂ နှစ် ၁၃ နှစ်လောက်အကြာ ပြန်ရောက်တော့ မြင်ရတွေ့ရတဲ့ သဘာဝပတ်ဝန်းကျင် အနေအထား သတိပြုမိသလောက် နည်းနည်းပြောပြပါလား။ ဘယ်လိုတွေပြောင်းလဲကုန်ပါလဲ။

“အပေါ်ယံအားဖြင့် ပြောရင်တော့ သိသိသာသာကြီး ပြောင်းလဲတာမရှိဘူး။ ဥပမာ ပဲခူးရိုးမကို ပြန်သွားလို့ သစ်တောတွေ အများကြီးလျော့သွားသလိုပေါ့။ အခုသူတို့တူးဖော်လိုက်လို့ တောင်တွေမှာ တစိတ်တပိုင်းတွေ တူးဖော်ထားတာ တွေ့ရတာကလွဲလို့ ရေမြေတောတောင်တို့ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မမြင်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးအမြင်ပေါ့။”

တချို့တွေပြောတာတော့ တောင်ကြီး ၁ တောင်လုံး ပျောက်သွားတယ်ဆိုတာကရော။

“အဲဒါတော့ ဟုတ်ပါတယ်။ စံပယ်တောင်နေရာမှာလေ။ တောင်ကြီးက ချိုင့်ကြီးတောင်ဖြစ်နေပြီ။ တူးဖော်လိုက်တာ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်မှာ ဦးစိုးသူရထွန်းတို့အဖွဲ့ ပါဝင်ဆောင်ရွက်တဲ့အခါ  ဦးစိုးသူရထွန်း တယောက်တည်း အမြင်ပြောရင် အားရမှုရှိလား။

“နဂိုထဲကလည်း တက္ကသိုလ်မှာ ဆရာလည်းလုပ်ခဲ့တယ်။ ဒီအလုပ်က ကျနော်တို့လည်း ၀ါသနာပါတဲ့အလုပ်ပါပဲ။ တိုင်းပြည်က ဒီအချက်အလက်နဲ့ ပတ်သက်ပြီး ဒါတွေကို စုံစမ်းပေးပါဆိုတော့ ဒီအချက်အလက်နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ စွမ်းအားရှိသမျှ လေ့လာပြီး အမှန်ကန်ဆုံးဖြစ်အောင် တင်ပြပေးမှာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ယူဖို့လည်း မဟုတ်သလို ဂုဏ်ယူကြွားဝါဖို့လည်း မဟုတ်ပါဘူး။”

မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ကြတယ်ဆိုတော့ ကျနော်မေးချင်တာ က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ပန်းတောင်းကိစ္စအပေါ်မှာ ဘယ်လောက် စိတ်ဝင်စားမှုရှိတာ တွေ့ရလဲ။

“ကျနော်တို့ တွေ့ရသလောက်တော့ တော်တော်များများ အချိန်ပေးပြီး အလုပ်လုပ်နေတယ်လို့ မြင်ပါတယ်။ ကျနော်လည်း အမြဲနီးစပ်တဲ့လူမဟုတ်တော့လေ။ ကျနော်တို့တွေ့ဆုံတဲ့အခါတွေအရ သူအများကြီးစဉ်းစားထားတယ်။ စဉ်းစားနေတဲ့ပုံပါပဲ။”

ဦးစိုးသူရထွန်းတို့ ဘယ်နှရက် သွားလေ့လာခဲ့ပါလဲ။

“ကျနော်တို့ အဖွဲ့တွေကလည်း ကွဲတော့ ကျနော်တို့ကို စ တာဝန်ပေးလိုက်တာ ဒီဇင်ဘာ ၂၄ ရက်နေ့ကပေါ့။ မနေ့ကအချိန်ထိ တချို့က အဲတော့မှ ပြန်လာရတယ်။ ရက်အပြည့်ပါပဲ။ ၂ ပတ်ကျော်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013