Home
မြန်မာသတင်း
နှစ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-နီပေါ သဘောတူ
DVB
·
October 18, 2019
73458921_1710311199103089_8791454693751521280_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘနဒါရီတို့ မနေ့က တွေ့ဆုံပြီး ယဉ်ကျေးမှုနဲ့ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြပါတယ်။  နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး၊ ခရီးသွား နဲ့ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ Communication Sector ထူထောင်ရေး၊ နှစ်နိုင်ငံ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် နီပေါနိုင်ငံမှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံကို မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရေး၊ ၂၀၂၀ ပြည့်နှစ် ကျရောက်မဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီတို့ နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ နီပေါသမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024