DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်က တောင်သူ ၁၈၀ ကျော် ပျက်စီး‌နွေနှမ်းသီးနှံအတွက် ထောက်ပံ့ကြေးမရ
DVB
·
October 17, 2019
ဝက်လက်မြို့နယ်က တောင်သူ ၁၈၀ ကျော် ပျက်စီး‌နွေနှမ်းသီးနှံအတွက် ထောက်ပံ့ကြေးမရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်အုပ်စု ကျေးရွာတွေက နွေနှမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ကြတဲ့ တောင်သူ ၁၈၀ ကျော်အနေနဲ့ ပျက်စီးသီးနှံတွေအတွက် အစိုးရရဲ့ ထောက်ပံ့ကြေး မရရှိ‌သေးဘဲ ဆုံးရှုံးနစ်နာနေပါတယ်။

၂၀၁၈ ခုနှစ်အတွင်းစိုက်ပျိုးခဲ့တဲ့ အဲ့ဒီဒေသက  နွေနှမ်းတွေဟာ မိုးရွာသွန်းခဲ့တာကြောင့် ၂၈၂၆ ဧက ပျက်စီးခဲ့ရတာဖြစ်ပြီး  ဒီအတွက် နိုင်ငံတော်ကနေ ၁ ဧကကို ကျပ်ငွေ ၅၀၀၀ နဲ့ ၅ ဧကကို ဓာတ်မြေဩဇာ ၁ လုံးထောက်ပံ့ခဲ့ပေမယ့် ထောက်ပံ့ကြေး မရသူတွေလည်း ကျန်ရှိ နေတာ ဖြစ်ပါတယ်။

‌ထောက်ပံ့လျော်ကြေးက ၂၄၁၉ ဧကသာရရှိပြီး ဧက ၄၀၀ ကျော်ကတော့  ထောက်ပံ့စာရင်းကျန်နေခဲ့တာလို့ ကျီးကန်ကျေးရွာမှ ဦးဝင်းဌေးက ပြောပါတယ်။

  "ပျက်စီးတာက ၂၈၂၆ ဧက ရှိတယ်။ ကွင်းဆင်းမစစ်ဆေးပဲ စာရင်းပြုစုတဲ့သူတွေက ၂၅၄၈ ဧကဆိုပြီး အစိုက်ပြခဲ့တယ်။ အဲ့ဒီထဲကမှ ၂၄၁၉ ဧကသာ ပျက်စီးပါတယ်ဆိုပြီး တင်ပြခဲ့တဲ့အတွက် ၄၀၇ ဧက ကျန်ရှိခဲ့ပါတယ်။ အမှန်တကယ်စိုက်ပျိုးပြီး ပျက်စီးပါရဲ့နဲ့ မရရှိခဲ့တာ။ မေးတော့ စာရင်းထဲမပါလို့တဲ့။ တကယ်တမ်း ပျက်စီးမှုရှိမရှိ သေချာကွင်းထဲလိုက်ကြည့်ပြီး ဆုံးဖြတ်ရမှာ။ စားပွဲပေါ်တင် စစ်တမ်းကောက်ယုံနဲ့မရဘူး။ အခုက စာရင်းသွားပေးပါရဲ့နဲ့ မရသူတွေလဲ အများကြီး။ တချို့ဆို သီးနှံသာပျက်စီးတယ် ဘာမှမရသူတွေလဲ ရှိတယ်။ ပြောရရင် အခုကျန်တဲ့သူတွေ ဆိုတာကလဲ အပင်အရွယ်ရောက်ပြီး အသီးဖြစ်မှ ပျက်ကြရသူတွေချည်းပဲ။ အများစုက တခြားဆီကယူထားတဲ့ ငွေတိုးတောင် မဆပ်နိုင်ကြသေးဘူး။ဒါကို နိုင်ငံတော်ကို သိစေချင်တာပါ။ နောက်ပြီး ဒီတောင်သူတွေအပေါ် ခေါင်းပုံဖြတ်သူတွေကိုလည်း စစ်ဆေးအရေးယူပေးစေချင်တာ " လို့ ပြောပါတယ်။

နှမ်းပျက်စီးပြီး ထောက်ပံ့ရာမှာ စာရင်းကျန်ခဲ့တဲ့ ကျေးရွာတွေကတော့ ဥတိကုန်း၊ အုပ်ဖိုကုန်း ၊ဦးရင်မ၊ ကျီးကန်တောင်ရွာနဲ့မြောက်ရွာက တောင်သူအများစု ဖြစ်ပါတယ်။ တောင်သူတချို့ကတော့  နေထိုင်ကျေးရွာနဲ့ စိုက်ဧကမှန်ပေမယ့် အမည်လွဲမှားနေတာကြောင့် ထောက်ပံ့မှုမရရှိပဲ ကျန်ရှိနေတယ်လို့ သိရပါတယ်။

ဦးရင်မကျေးရွာမှ ဦးမျိုးဝင်းက" ကျနော်အဖေအမည် ဦးဌေးသိန်းရေးထားတော့ ကျနော့် အမည်မဟုတ်လို့ဆိုပြီး ထုတ်မပေးဘူး။ စိုက်ဧကလဲ အကုန်မှန်တယ်။ အမည်လွဲလို့ မရတာတဲ့။ စာရင်းကြည့်‌တော့ အ‌ဖေ့လက်မှတ်လဲ မဟုတ်ဘူး။ ကျနော့်လက်မှတ်လဲ မဟုတ်ဘူး။ တခြားသူက လက်မှတ်ထိုး ထုတ်ပြီးသား ဖြစ်နေတယ် " လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံတောင်သူက နစ်နာမှုပြေလည်စေရေးနဲ့ ပျက်စီးဆုံးရှုံးမှုဧရိယာ မမှန်မကန်တင်ပြမှုတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီကို တိုင်ကြားထား ပါတယ်။

‌အဆိုပါ ဒေသရှိ နှမ်းသီးနှံပျက်စီးမှုကြောင့် နိုင်ငံတော်က ထောက်ပံ့ကြေးနဲ့ ဓာတ်မြေဩဇာ ထုတ်ပေးရာမှာ စာရင်းကျန်ရှိမှုတွေနဲ့ပတ်သတ်ပြီး ၂၀ ကြိမ်မြောက်တိုင်း‌ဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း က "ကျနော်ဒီကိစ္စကို လွှတ်တော်မှာ မေးခဲ့တယ်။ မှန်တယ်။ တချို့တောင်သူတွေက ရသူရ မရသူမရဖြစ်နေကြတာ။ စာရင်းတွေ ကျန်‌နေတော့ နစ်နာကြရတယ်။ တိုင်းအစိုးရအဖွဲ့လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးကံဇာမှုံကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်ဆေးမယ်လို့တော့ ဖြေသွားတယ်" လို့ ပြောပါတယ်။

ဒီကစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၄ ရက်နေ့က ရွှေဘိုခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနက လာရောက်စစ်ဆေးသွားခဲ့ပါတယ်။

ဝက်လက်မြို့နယ် ကျီးကန်အုပ်စုဒေသမှာ နွေနှမ်းသီးနှံအပြင် မိုးစပါးလည်းစိုက်ပျိုးကြပြီး ၁ နှစ်လျှင် ၂ သီးစားလယ်ယာမြေတွေ ဖြစ်ကြပါတယ်။

သတင်း-ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013