DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့မှု ဖြစ်ပွား
DVB
·
October 17, 2019
မလှိုင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့မှု ဖြစ်ပွား
1 / 6
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကုန်းတဲတောင်ရွာမှာ မနေ့ညနေက ရွာသား လင်မယားချင်း စကားများရန်ဖြစ်ရာကနေ နေအိမ်မီးရှို့မှု ဖြစ်ပွားခဲ့တယ်လို့ မလှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ကုန်းတဲတောင်ရွာက မသန်းဌေး(၄၆နှစ်)နဲ့ ညီမဖြစ်သူတို့ မလှိုင်မြို့မစျေးက နေအိမ်သို့ပြန်လာရာ နေအိမ်တံခါးဝမှာ  ခင်ပွန်းဖြစ်သူ ကိုနိုင်(၃၈နှစ်)နဲ့ စကားများရန်ဖြစ်ခဲ့ကြပါတယ်။

ဖြစ်စဉ်မှာ လင်မယား စကားများရန်ဖြစ်ရာကနေ ခင်ပွန်းဖြစ်သူက နေအိမ်မီးရှို့မယ်ပြောပြီး ရိုက်နှက်ဖို့ ကြံရွယ်တာကြောင့် ဇနီးဖြစ်သူဟာ ဖခင်ရဲ့ နေအိမ်ကို ထွက်ခွာသွားပြီးနောက် မကြာမီ နေအိမ်မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မလှိုင်မီးသတ်ဦးစီးမှူးဦးဇေယျာအောင်က "အဆောက်အဦ နှစ်လုံး မီးလောင်သွားတယ်။ ထန်းရွက်မိုး ထရံကာ နေအိမ် တလုံးနဲ့ ထန်းရွက်မိုး ထရံကာ နွားစာတဲ တလုံး မီးလောင်သွားတယ်။ သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ကျေးလက်ပြည်သူတွေ ပူးပေါင်းမီးငြှိမ်းသတ်ရတယ်။ ရေဂါလန် ၈၀၀ သုံးစွဲတယ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၅၀၀၀ ကျော်သတ်မှတ်ထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ မသန်းဌေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားပြီး မီးလောင်ရာမှာ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိသလို  တခြားအိမ်တွေ မီးကူးစက်တာ မရှိဘူးလို့ မလှိုင်မြို့မရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဒေသခံရွာသားတဦးဖြစ်တဲ့ ဦးဆန်းကတော့  "နေအိမ်ရော အသုံးအဆောင်တွေရော အကုန်လုံးနီးပါး မီးလောင်သွားတယ်။ လင်မယားချင်း စကားများတာကို အခုလို လုပ်လိုက်တော့ ကုန်သွားတဲ့ပစ္စည်းတွေကို ကိုယ်တိုင်ပဲ ပြန်ရှာဖွေစုဆောင်းရမယ်လို့ သတိတချက်လောက် ထားမိရင် အခုလို မလုပ်ဖြစ်လောက်ဘူး" လို့ ပြောပါတယ်။

မလှိုင်မြို့မရဲစခန်းက ကိုနိုင်ကို တသက်တကျွန်းအထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်တဲ့ မီးရှို့မှု ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့  ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013