DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ ရပ်ဆိုင်းရန် ယူအန်အက်ဖ်စီ တောင်းဆို
DVB
·
January 10, 2013
ကချင်စစ်ပွဲ ရပ်ဆိုင်းရန် ယူအန်အက်ဖ်စီ တောင်းဆို
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော်ကို အစိုးရက အပြင်းအထန် ထိုးစစ်ဆင်မှုပေါ်  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြစ်တင် ရှုတ်ချလိုက်ပြီး ထိုးစစ်ဆင်မှု ချက်ချင်းရပ်တန့်ပေးဖို့ သမ္မဦးသိန်းစိန်ထံ တောင်းဆိုလိုက်ပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ယူအန်အက်စီရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တောင်းဆိုလိုက်တာပါ။

[caption id="attachment_32276" align="alignright" width="150" caption="နိုင်ဟံသာ "][/caption]

ယူအန်အက်စီ အတွင်းရေးမှူး နိုင်ဟံသာက    “အာဏာရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတိုင်းမှာ ကျနော်တို့ တိုင်းရင်းသားတွေဟာ ၀င်ပြီးဆွေးနွေးတယ်၊ ညှိနှိုင်းတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ ဒါပေမယ့် ကျနော်တို့ နားလည်လိုက်တာက အာဏာရထားတဲ့ အစိုးရဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရမှာကို ရှောင်နေတယ်လို့ ထင်တယ်။ အခုလို တဖက်က အဖွဲ့အစည်းတချို့ကို အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ အဖွဲ့အစည်းတချို့ကို ဖိပြီးတော့ စစ်ရေးနည်းနဲ့ တိုက်ခိုက်နေတယ်ဆိုတာသည် ဒါက ကျနော်တို့ကို တဖွဲ့ပြီးတဖွဲ့ ချေမှုန်းသွားဖို့ဆိုတဲ့ နည်းဗျူဟာနဲ့ လုပ်နေတယ်လို့ မြင်တယ်။ လွန်ခဲ့တဲ့ ၉၀ ခု ၀န်းကျင် အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ အဲတုန်းက ကရင်နဲ့ ကရင်နီကို ဖိပြီးတိုက်တယ်။ အခု အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ ကချင်ကိုဖိတိုက်တယ်။ အခုလို အဖွဲ့အစည်းအများစုနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ အဖွဲ့အစည်းတချို့ကို ဖိတိုက်နေတဲ့အလုပ်က နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ဆန္ဒမရှိဘူး။ ဒါ မရိုးသားဘူး။”

ဒါ့အပြင် ယူအန်အက်စီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ မကြာခင် တွေ့ဆုံတဲ့အခါမှာလည်း ကချင်အပေါ် ထိုးစစ်ဆင်မှုကိစ္စတွေကို အဓိကထားပြောဆိုသွားမယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဖြစ်တယ်။ အခုလို ယူအန်အက်ဖ်စီအဖွဲ့ဝင် ကချင်ကို တိုက်နေတဲ့အပေါ် မကျေနပ်တာကတော့ အများကြီးပါပဲ။ ဒီအခြေအနေအပေါ်မှာ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာက ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေးဖို့ လမ်းစဖြစ်တယ်။ ဒါကိုဖျက်သိမ်းလိုက်ရင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုက ပိုပြီးတော့ အချိန်မရွေး ကွာဝေးသွားနိုင်တယ်။ ဒါပေမယ့် တဖက်က ကျနော်တို့အဖွဲ့ဝင်ဖြစ်တဲ့ ကေအိုင်အေကို အကူအညီပေးဖို့ဆိုတဲ့အပိုင်းမှာ တာဝန်အပြည့်အ၀ရှိတယ်။ ဒီကိစ္စအတွက် ကျနော်တို့နဲ့ ဦးအောင်မင်း မကြာခင်မှာ တွေ့ဖို့ရှိတယ်။ ဒါကို ကျနော်တို့ ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်၀၀ တဖက်က တွေ့ဆုံပြောပါမယ်။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံချိန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ သဘောတူထားကြပေမယ်လည်း လာမယ့် တွေ့ဆုံဆွေးမှုမှာ အဲဒီကိစ္စကို ခေတ္တရပ်ဆိုင်းပြီး  ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်မှုပေါ် အဓိကထား ဆွေးနွေးပြောဆိုသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် ကချင်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ အစိုးရကို  ၀ိုင်းဝန်းတွန်းအားပေးဖို့လည်း ယူအန်အက်ဖ်စီက တိုက်တွန်းထားပါတယ်။
ယူအန်အက်ဖ်စီဟာ  အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နေတဲ့  ကရင်၊ ကရင်နီ၊ မွန်နဲ့ ပအိုဝ်းစတဲ့ တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့အပါအ၀င် မဟာမိတ် ၆ ဖွဲ့တို့နဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013