ဖမ်းဆီးခံ မီးသတ်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ် မီးသတ် မေတ္တာရပ်ခံ

ရက္ခိုင့်တပ်တော် (အေအေ)က ဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို သီတင်းတပတ်ကျော်ကြာတဲ့အထိ ပြန်လွှတ်မပေးသေးတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။
အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမင်းရာဇ်ရပ်ကွက်အနီးမှာ အေအေတပ်ဖွဲ့တွေက ရွှေပြည်သစ်ခရီးသည်တင်ယာဉ်တစီးပေါ်ကနေ ဒုမီးသတ်ဦးစီးမှူး တယောက်အပါအဝင် အခြေခံမီးသတ်သင်တန်းက ဆင်းလာတဲ့ သင်တန်းသား ၁၈ ယောက်နဲ့ ကားပေါ်ပါလာတဲ့ခရီးသည် ၁၂ ယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက ၁၉ ဦးဟာ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်ကြောင့် သူတို့ကို ပြန်လည်လွှတ်ပေးဖို့ တဖက်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံထားတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဌာနက ပြောပါတယ်။
အေအေအဖွဲ့ဖမ်းသွားသူတွေထဲက ၁၉ ဟာ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်တာ မှန်ကန်ပြီး မကြာခင်ပြန်လည် လွတ်မြောက်လာမယ်လို့ ယုံကြည်တယ်လို့ ဒု ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်းက ပြောပါတယ်။ ဒါ့အပြင်သူတို့ လွတ်မြောက်ရေးအတွက် တဖက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေတယ်လို့ လည်း ပြောပါတယ်။
အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုကတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးနေပြီး စစ်ဆေးပြီးမှ ဘာလုပ်မလဲဆိုတာပြောလို့ရမှာဖြစ်တယ်၊ ညှိနှိုင်းနေတယ်ဆိုတဲ့ ကိစ္စကိုတော့ မသိရှိသေးဘူးလို့ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ် ဇီးကုန်းသင်တန်းကျောင်းမှာ မွမ်းမံသင်တန်းတက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ပြန်လာကြသူတွေဖြစ်ပါတယ်။
ဝဏ္ဏခွာညို











