DVB Logo
Home
မြန်မာသတင်း
၁၉၆၂ ပုံနှိပ်အက်ဥပဒေ ဆက်ရှိနေပြီး ပြင်ဆင်ရေးဆွဲမည်
DVB
·
January 10, 2013
Donate to DVB

၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဟာ အခုထိ ဆက်လက်တည်ရှိနေတုန်းဖြစ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြန်ပြင်ဆွဲဖို့ရှိတယ်လို့ သက်ဆိုင်ရာဌာနက ပြောပါတယ်။

ဇန်န၀ါရီလ ၉ ရက်က ညှို့မဂ္ဂဇင်းကို တည်ဆဲဥပဒေပုဒ်မ ၁၀ အရ ထုတ်ဝေခွင့် ရပ်ဆိုင်း လိုက်တဲ့အပေါ် မေးမြန်းရာမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေပုဒ်မ ၁၀ နဲ့ အရေးယူတာဖြစ်ကြောင်း၊ ဒီဥပဒေဟာ ဆက်ရှိနေဆဲဖြစ်ပြီး ပြင်ဆင်ရေးဆွဲဖို့လုပ်နေတယ်လို့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ပြောပါတယ်။

ညှို့မဂ္ဂဇင်းထုတ်ဝေခွင့် ရုပ်သိမ်းကြောင်းကို ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နဲ့ ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က စည်းဝေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီ ဥပဒေအတိုင်းပဲဖြစ်မယ်။ သို့သော်လည်း ဒီဥပဒေက ပြင်မှာပါ။ စာနယ်ဇင်းကောင်စီက မီဒီယာဥပဒေ ရေးဆွဲနေတာ ရှိတယ်။ ထိုနည်းတူ ကျနော်တို့ကလည်း ပုံနှိပ်သူများထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြန်ပြင်ဆွဲမှာပါ။”

ဒီအဖွဲ့ကို အခုအစိုးရလက်ထက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လုပ်ငန်းတာဝန် ၉ ခု ရှိပါတယ်။ စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ပြီးတဲ့နောက် လောလောဆယ် လုပ်ငန်းတာဝန် ၃ ခုကိုပဲ လုပ်ဆောင်နေကြောင်း ဦးရဲတင့်က ရှင်းပြပါတယ်။

“ပုံနှိပ်ပြီးစာအုပ်စာတမ်းများ မူလခွင့်ပြုချက်များနဲ့ ကိုက်ညီခြင်းရှိ မရှိ စိစစ်ခြင်းနဲ့ ဖြန့်ချိခွင့်ပြုခြင်းရယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ပုံနှိပ်သူများ ထုတ်ဝေသူများအား ဖြန့်ချိခွင့်ရပ်ဆိုင်းခြင်း၊ အရေးယူခြင်းနဲ့ မှတ်ပုံတင်ရုပ်သိမ်းခြင်းနဲ့ နောက် မှတ်ပုံတင်ထုတ်ပေးခြင်းဆိုတာရယ်။ ဒါတွေကိုပဲ လုပ်ဖို့ရှိပါတော့တယ်။ ကျန်တာတွေကတော့ စိစစ်ဖို့မလိုတဲ့အတွက်လေ။ လျှော့ပေးလိုက်ပါပြီ။”

လတ်တလော ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ဥပဒေကို ပြန်ပြင်ရေးဆွဲနေချိန်မှာ စာနယ်ဇင်းကောင်စီကလည်း မီဒီယာဥပဒေ အမြန်ဆုံးပေါ်ထွက်လာဖို့ ကြိုးပမ်းနေပါတယ်။

စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေ ပေါ်ထွက်လာရင်တော့ ကျန်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးမယ့် ဥပဒေတွေ တဖြည်းဖြည်း ရုပ်သိမ်းသွားဖို့ မျှော်လင့်တဲ့အကြောင်း စာနယ်ဇင်းကောင်စီဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။

“မီဒီယာဥပဒေက ကျနော်တို့ရဲ့ သဘောထားနဲ့ဆွဲတာမဟုတ်ဘဲ ဆွဲပြီးသားကို ဒီလထဲမှာ မီဒီယာနယ်ပယ်ကိုချပြပြီးတော့ သူတို့ရဲ့ အကြံဥာဏ်ပေးချက်တွေ၊ ဥပဒေပညာရှင်တွေရဲ့ အမြင်တွေနဲ့ Freedom Of Expression ကို ဘယ်လောက်အာမခံနိုင်သလဲဆိုတဲ့ စောင့်ကြည့်မှုတွေလုပ်ပြီးတော့ ခိုင်မာအားကောင်းတဲ့ အခြေခံမီဒီယာဥပဒေကို လွှတ်တော်ကို ပို့မှာပါ။ လွှတ်တော်ကအတည်ပြု ပြဋ္ဌာန်းပြီးတော့ အခုလိုမျိုး ရှုပ်ထွေးနေတာတွေ၊ မီဒီယာလောကအတွက် အတားအဆီး အနှောင့်အယှက်ဖြစ်နေတဲ့ ဥပဒေတွေ အဲဒါတွေအားလုံးက fade out ဖြစ်သွားပြီးတော့ မီဒီယာဥပဒေက ပိုမို အသက်ဝင်လာမယ်လို့တော့ အကောင်းဘက်က မြင်ထားပါတယ်။”

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နဲ့ ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဟာ  ဇန်ဝါရီ ၉ ရက်က တည်ဆဲဥပဒေပုဒ်မ ၁၀ ကို ဖောက်ဖျက်တယ်ဆိုပြီး မဂ္ဂဇင်းတခုကို ရုပ်သိမ်းပြီး ဂျာနယ် ၆ စောင်ကို ခေါ်ယူသတိပေးလိုက်ပါတယ်။

ပုဒ်မ ၁၀ မှာ မည်သည့်ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူမဆို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့် ဖြစ်စေ မှတ်ပုံတင်သက်သေခံလက်မှတ် ရယူကြောင်းကို သော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိင်ငံ တော်လှန်ရေးအစိုးရ၀ါဒနှင့် သဘောထားကိုဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အကျိုးကိုဖြစ်စေ ထိခိုက်စေရန်အကြံနှင့် မှတ်ပုံတင်ကြောင်းကို သော်လည်းကောင်း စုံစမ်းစစ်ဆေး၍ တွေ့ရှိလျှင် ထိုမှတ်ပုံတင် သက်သေခံလက်မှတ်ကို ဗဟိုမှတ်ပုံတင်အဖွဲ့က ရုပ်သိမ်းနိုင်သည် လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013