DVB Logo
Home
မေးမြန်းခန်း
မာတစ်နှလုံးသားတွေကို မေတ္တာနှလုံးသားတွေအဖြစ် အားလုံးပြောင်းပစ်ရမယ် – အရှင်ဆန္ဒာဓိက
DVB
·
January 10, 2013
မာတစ်နှလုံးသားတွေကို မေတ္တာနှလုံးသားတွေအဖြစ် အားလုံးပြောင်းပစ်ရမယ် – အရှင်ဆန္ဒာဓိက
Donate to DVB

ကချင်ဒေသ စစ်ပွဲများ ရပ်ဆိုင်းပေးဖို့ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမပေါ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ရွှေပါရမီတောရကျောင်း ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တော်လည်း တက်ရောက် မိန့်မြွက်ခဲ့ပါတယ်။

ဆရာတော် ဘာတွေမိန့်မြွက်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။

“ဦးဇင်းကတော့ မေတ္တာတရားအကြောင်း အဓိကထား ဟောပေးခဲ့တာပါ။

[caption id="attachment_35222" align="alignleft" width="150" caption="ရွှေပါရမီတောရကျောင်း ဆရာတော် အရှင်ဆန္ဒာဓိက"][/caption]

စစ်ပွဲရပ်ဆိုင်းရေးပြုလုပ်တဲ့ပွဲဆိုတော့ စစ်ပွဲရဲ့ သဘောတရားလေး ပြောခဲ့ပါတယ်။ ဦးဇင်းတို့ လူသားတိုင်း လူသားတိုင်း နေ့စဉ်ဘ၀မှာ စစ်ပွဲဆိုတာ နေ့စဉ်ရှိနေတာပါ။ ကိုယ်တွင်းစစ်ပွဲ၊ နှလုံးသားစစ်ပွဲ၊ ကိုယ့်ရဲ့စိတ်ထဲမှာအမြဲ တိုက်ပွဲဖြစ်နေတာ။ အကောင်းတရား၊ အဆိုးတရားကို အမြဲတမ်း အနိုင်ရအောင် တိုက်နေရတာဆိုတဲ့အကြောင်းပေါ့။ မကြောက်စိတ်က ကြောက်စိတ်ကို အနိုင်ရဖို့လိုတယ်။ အကြောက်တရားကို မကြောက်တရားက အနိုင်ရဖို့ လိုတယ် စသည်အားဖြင့်ပေါ့။ ပထမဆုံး စစ်ပွဲရဲ့ သဘောတရားလေးပြောပြပါတယ်။ ပြီးတော့ မေတ္တာတရားပေါ့။ မေတ္တာတရား လက်ကိုင်ထားပြီး ဆောင်ရွက်ကြမှ ငြိမ်းချမ်းမှုရမယ်ဆိုတဲ့ အကြောင်းပေါ့။ မေတ္တာဆိုတာကို အရပ်ထဲမှာ မြစ်တာဆိုပြီး မ ရရစ်သံလေးနဲ့ ထွက်ကြတယ်။ ပါဠိစာပေတိုက်ရိုက်အသံထွက်ကတော့ မ စ သပ်နဲ့ မစ်တာလို့ အသံထွက်ပါတယ်။ အဲတော့ မေတ္တာကို ပြောင်းပြန်လှန်ရင် မာတစ်လို့ ဖြစ်သွားတာပေါ့။ ဦးဇင်းတို့ အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ် လုပ်နေတယ်လို့ ပြောကြတယ်။ ဦးဇင်းတို့ တိုင်းပြည်တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ တိုင်းသူပြည်သားတဦးချင်း တယောက်ချင်းရဲ့ စိတ်ဓာတ်တွေပြောင်းလဲဖို့က အဓိကပဲ။ နှလုံးသားတွေ ပြောင်းလဲဖို့က အဓိကပဲ။ အဲတော့ မာတစ် နှလုံးသားကို မေတ္တာနှလုံးသားဖြင့် အားလုံး ပြောင်းလဲကြရမယ်။ မာတစ် နှလုံးသားဆိုတာ မာနေ တစ်နေတဲ့ နှလုံးသား ၀ိသမလောဘတွေ၊ ဒေါသမာနတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေ၊ ရန်ငြှိုးဖွဲ့ခြင်းတွေနဲ့ မာကျောတစ်စို့နေတဲ့ စိတ်ကို မာတစ်နှလုံးသားလို့ ပြောတာပါ။ စိတ်တွေဟာ ၀ိသမလောဘတွေ၊ ဒေါသမာနတွေနဲ့ မာနေမယ်ဆိုရင်လည်း ကောင်းကျိုးချမ်းသာတွေဟ ၀င်သင့်ဝင်ထိုက်သလောက် ၀င်မလာဘဲ တစ်ဆို့နေမှာပဲ။ လုံး၀၀င်မလာဘဲ တစ်ဆို့သွားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒေါသတရား၊ မာနတရား၊ ၀ိသမလောဘတရားတွေနဲ့ လွှမ်းမိုးနေတဲ့စိတ်ဟာ မာတစ်နှလုံးသား။ အဲဒီ မာတစ်နှလုံးသားကို မေတ္တာနှလုံးသားဖြစ်အောင် ပြောင်းလဲရမယ်။”

“မေတ္တာနှလုံးသားဆိုတာက ကိုယ့်ကြောင့် သူတပါးဆိုးကျိုးမဖြစ်စေရဘူး။ သူတပါး စိတ်မဆင်းရဲစေရဘူး။ ကိုယ့်ကြောင်း သူတပါး ကောင်းကျိုးဖြစ်စေရမယ်။ သူတပါးစိတ်ချမ်းသာစေရမယ်။ အဲလို ကိုယ့်ကြောင့် သူတပါးစိတ်မဆင်းရဲ၊ ဆိုးကျိုးမဖြစ်။ ကိုယ့်ကြောင့် သူတပါး စိတ်ချမ်းသာ၊ ကောင်းကျိုးဖြစ်စေမယ့် စိတ်ထားမျိုးကို မေတ္တာနှလုံးသားလို့ ခေါ်တယ်။ ဒါကြောင့် မာတစ်နှလုံးသားတွေ လုံးဝစွန့်လွှတ်ပြီး မေတ္တာနှလုံးသားတွေ တည်ဆောက်လိုက်မယ်ဆိုရင် အားလုံးငြိမ်းချမ်းမယ်။ ဦးဇင်းတို့ တိုင်းပြည်လည်း အေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်မယ်။”

“တဦးချင်းတယောက်ချင်းစီက မေတ္တာနှလုံးသားရှိရမှာပေါ့။ ဒါပေမယ့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့လို့ ဆိုရင်တော့ တိုင်းပြည်တိုးတက်ရေးကိစ္စမှာ လုပ်ပိုင်ခွင့်ရှိတဲ့၊ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေကပိုပြီး ပြောင်းလဲဖို့လိုတာပေါ့။ တိုင်းပြည်နဲ့ပတ်သက်လို့ အဓိကကျတဲ့ ပြောင်းလဲမှုတွေ ဖန်တီးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ မေတ္တာနှလုံးသားပိုင်ရှင်တွေဖြစ်ကြမယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ ဘ၀ သိသိသာ ထူးထူးခြားခြား တိုးတက်သွားမှာပါပဲ။ ပြီးတော့ လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ ပြောခဲ့ဖူးတဲ့ လက်နက်နဲ့ လက်ဖြူဆိုတာ ထပ်ပြောဖြစ်တယ်။ စစ်ပွဲတွေဖြစ်ကြတဟာ လက်နက်အသုံးပြုပြီး ဖြစ်ကြတယ်။”

“လက်နက်ဆိုတာ နာမည်က လက်နက်ဖြစ်နေပေမယ့် လက်နက်နဲ့ အသုံးမပြုသင့်ဘူး၊ လက်ဖြူနဲ့ပဲ အသုံးပြုသင့်တယ်။ လက်နက်ဆိုတာက အနက်ရောင် လက်ပေါ့။ ၀ိသမလောဘတွေ၊ ဒေါသတရား၊ အာဃာတတွေ၊ ရန်ငြှိုးတွေ၊ ဂလဲ့စားချေတာတွေ၊ အမုန်းတရားတွေ၊ ဒီလို မကောင်းတဲ့သဘောတရားတွေ၊ အမည်းရောင်တရားတွေနဲ့ လွှမ်းမိုးနေတဲ့ စိတ်ပိုင်ရှင်ရဲ့လက် အနက်ရောင်လက်၊ လက်နက်ဖြစ်သွားတာပေါ့။ မေတ္တာတရား၊ ကရုဏာတရားတွေနဲ့ ပြည့်စုံနေတဲ့ လက်ကတော့ အဖြူရောင်လက် လက်ဖြူ။ အဲတော့ လက်နက်နဲ့ လက်နက်ကို အသုံးမပြုသင့်ဘူး၊ လက်ဖြူနဲ့ပဲ လက်နက်ကို အသုံးပြုသင့်တယ်။ လက်နက်နဲ့ လက်နက်ကို အသုံးပြုရင် ဒုက္ခတရားတွေပဲ တိုးပွားလာမယ်၊ လက်ဖြူနဲ့ လက်နက်ကို အသုံးပြုမှ သုခတရားတွေ တိုးပွားလာမယ်။

“ဆိုလိုတာက လက်နက်နဲ့ အသုံးပြုတယ်ဆိုတာ ကိုယ့်တိုင်းရင်းသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်တာ၊ ကိုယ့်တိုင်းသူပြည်သားအချင်းချင်း ညှဉ်းပန်းနှိပ်စက်တာ၊ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ လက်နက်ကို အသုံးပြုတာကတော့ လက်နက်နဲ့ အသုံးပြုတာပေါ့။ တိုင်းတပါး ရန်စွယ်တွေ ကာကွယ်ဖို့တို့၊ ကိုယ့်တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်မယ့်အရေးကို ကာကွယ်ပေးတာတို့၊ ကိုယ့်တိုင်းသူပြည်သားတွေ ဆိုးကျိုးမဖြစ်အောင် ကာကွယ်တာမျိုးတို့၊ တကယ်လိုအပ်လာလို့ တိုက်ရတာမျိုး ဆိုရင်တော့ လက်ဖြူနဲ့ တိုက်တာပေါ့။

“ဘုရားအလောင်းတော်လည်းပဲ ပါရမီဖြည့်စဉ်ဘ၀တွေမှာ စစ်တိုက်တဲ့ အလုပ်ကို လုပ်ခဲ့ရတာပဲ။ လုပ်တဲ့အခါမှာ ကိုယ့်တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခမရောက်အောင် တိုင်းသူပြည်သားတွေ ကောင်းကျိုးချမ်းသာရအောင်ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ပဲ လက်နက်ကို အသုံးပြုခဲ့တာ။ ဒါကြောင့် ကိုယ့်အချင်းချင်း ညှဉ်းပန်းနှိပ်စက်တဲ့သဘော၊ ကိုယ့်ကိုကျိုးစီးပွားအတွက် လက်နက်ကို သုံးတယ်ဆိုရင် ဒါ-လက်နက်နဲ့ လက်နက်ကို အသုံးပြုတာပေါ့။ တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးအတွက် လက်နက်ကို အသုံးပြုတယ်ဆိုရင်တော့။ တိုင်းသူပြည်သားကောင်းကျိုးဆိုတာ တိုင်းသူပြည်သားတွေကို လက်နက်နဲ့ အသုံးပြုတာတော့ မဟုတ်ဘူး၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက်၊ တိုင်းသူပြည်သားတွေရဲ့ အန္တရာယ်ကို လက်နက်နဲ့ ကာကွယ်တာကိုတော့ လက်ဖြူနဲ့ လက်နက်ကို အသုံးပြုတာပေါ့။ အဲဒါတွေ ပြောဖြစ်ခဲ့ပါတယ်။”

အရင်က အရှင်ဘုရား တရားဓမ္မစာပေတွေ မွေ့လျော်နေရာကနေပြီး လက်ပန်းတောင်းအရေးတို့၊ ကချင်အရေးတို့မှာ အရှင်ဘုရားကိုယ်တိုင် ကြွရောက်ပြီး ချီးမြှင့်ပြောကြားနေတာက ဘာကြောင့်ပါလဲ။

“ခံစားချက်လို့ ပြောရမှာပေါ့။ လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်ရင်လည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ၊ တိုင်းသူပြည်သားတွေ အထွဋ်အမြတ်ထားခဲ့တဲ့ သံဃာတော်တွေကို အခုလို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်းတာတွေက လုံးဝ မသင့်တော်ဘူး။ ဘုရားသားတော် သံဃာတော်တွေ အခုလို မီးလောင်ဒဏ်ရာတွေနဲ့ အကြီးအကျယ် ဒုက္ခရောက်တာ မြင်ရတဲ့အချိန်မှာ ကိုယ့်ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲ့အတွက် ဆရာတော်တွေ၊ သံဃာတော်တွေကို အားပေးတဲ့အနေနဲ့ အားပေးစကားပြောရင်း န၀ကမ္မတွေလည်း လှူဒါန်းရင်းနဲ့ သွားဖြစ်တာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013