DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီ နိုင်မည်ဟု ဦးဝင်းတင်ပြော
DVB
·
January 10, 2013
၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီ နိုင်မည်ဟု ဦးဝင်းတင်ပြော
Donate to DVB

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပဲ နိုင်မှာဖြစ်ပေမယ့် အစိုးရဖွဲ့နိုင် မဖွဲ့နိုင်တော့ ဘယ်သူမှ မပြောနိုင်ဘူးလို့ အဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။

ဇန်န၀ါရီလ ၈ ရက်က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့စ်နဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၅ ခုနှစ်ကျရင် အန်အယ်လ်ဒီ နိုင်မှာပဲ။ နိုင်မယ်လို့လည်း ကျနော်ယုံတယ်။ သို့သော် ကျနော်တို့ အစိုးရဖွဲ့နိုင်ခြင်း မဖွဲ့နိုင်ခြင်း ဘယ်သူမှမပြောနိုင်ဘူး။ အခြေခံဥပဒေအရ ခွင့်ပြုချက်၊ အခြေခံဥပဒေ ဖြေလျော့ပေးမှု မရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း အာဏာရနိုင်မှာ မဟုတ်ဘူး။”

ဦးဝင်းတင်နဲ့ တွေ့ဆုံရာမှာ ဂျော့ဆိုရော့စ်က သူတို့အနေနဲ့ နိုင်ငံရေးလုပ်ဖို့ လာတာမဟုတ်ဘဲ လူမှုရေး လုပ်ဖို့ လာတာသာဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ နိုင်ငံရေးအလားအလာ၊ ၂၀၁၅ ရွေးကောက်ပွဲကျရင်  ဘယ်လိုနေမလဲ၊ အန်အယ်လ်ဒီအနိုင်ရရင် ဘယ်လိုဖြစ်မယ်ထင်သလဲ၊ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု အခြေအနေ စတာတွေကို မေမြန်းဆွေးနွေးတယ်လို့ ပြောပါတယ်။

မြန်မာပြည်နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ဦးဝင်းတင်က သူ ဆွေးနွေးခဲ့တာတွေကို အခုလို ပြောပါတယ်။

“မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေက လက်တွေ့အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။ ဒီလိုပဲ အစိုးရဘက်က ပြောင်းမယ် ပြင်မယ်ဆိုတဲ့ ပုံစံလေးပြပြီး လှုပ်ရှားရုံပဲဖြစ်မှာပဲဆိုပြီး ပြောတယ်။”

လူမှုရေးလုပ်ငန်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့နေတာ၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာတွေ ကူညီထောက်ပံ့နေတဲ့ တခြားလူမှုရေး အဖွဲ့အစည်းတွေ ရှိတဲ့အကြောင်းနဲ့ ဂျော့ဆိုရော့စ်တို့ အဖွဲ့အနေနဲ့ ဒီလူမှုရေးအဖွဲ့အစည်းတွေကို နည်းပညာ၊ ငွေကြေးစသဖြင့် ကူညီထောက်ပံ့ပေးနိုင်ရင်တော့ လူမှုရေးလုပ်ငန်းတွေ အများကြီး အကျိုးခံစားရနိုင်တယ်လို့ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း ဦးဝင်းတင်က ပြောပါတယ်။

ဂျော့ဆိုရော့စ်က သူ့အနေနဲ့ အခုမြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း၊ အဲ့ဒီလို တွေ့ဆုံဆွေးနွေးလို့ သဘောတူညီချက်ရပြီး၊ လုပ်ငန်းပမာဏကို တွက်လို့ရပြီဆိုရင် ကူညီဖို့ ကိစ္စတွေ စီစဉ်ပါ့မယ်လို့ ပြန်လည်ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဂျော့ဆိုရော့စ်အနေနဲ့ ပထမဆုံးအကူအညီပေးချင်တဲ့ ကိစ္စရပ်အကြောင်းကို ဦးဝင်းတင်က ခုလို ပြောပြပါတယ်။

“ပထမဆုံး ကျနော်တို့ကို အကူအညီပေးချင်တာက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့။ ဥပမာ ဦးဂမ္ဘီရလိုပေါ့၊ ဦးဂမ္ဘီရလို ပုဂ္ဂိုလ်ဟာ ရူးသလိုဖြစ်နေတယ်။ ဒါကို သူကူညီချင်တယ်တဲ့။ အမေရိကန်က ဆရာဝန်ကြီးတွေ ရှိတယ်။ ဒါတွေကို သူဖိတ်ချင်တဲ့အကြောင်း သူ့လူတွေညွှန်ကြားတယ်။ ဒီလူတွေကို ဖိတ်ပါ။ မြန်မာပြည်ကို လာလည်ဖို့။ မြန်မာပြည်ရောက်ရင် ဦးဝင်းတင် သို့မဟုတ်လည်း တခြား လိုအပ်တဲ့အဖွဲ့အစည်းတွေကို ဆက်ဆံ ဆက်သွယ်ပြီးတော့ ဒီလူတွေကို  စိတ္တဇဝေဒနာ ကုစားဖို့အတွက် အကူအညီပေးပါမယ်ဆိုတာ ပြောပါတယ်။”

အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့စ်ဟာ အခု ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013