DVB Logo
Home
မေးမြန်းခန်း
Spitfire လေယာဉ်တူးဖော်မှု အခြေအနေ မေးမြန်းချက်
DVB
·
January 10, 2013
Spitfire လေယာဉ်တူးဖော်မှု အခြေအနေ မေးမြန်းချက်
Donate to DVB

မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၈ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက်တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တူးဖော်ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။

“မြစ်ကြီးနားမှာ ၁၈ စင်း၊ နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။ ၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင်လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာပဲရှိသေးတယ်။ ဘာမှမလုပ်ရသေးဘူး။ မြစ်ကြီးနားမှာတွေ့ရတဲ့ လေယာဉ်တွေ က လေတပ်ထဲမှာတွေ့တာ။”

မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။

“သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံအစင်းလိုက်မြှုပ်ထားတော့ ဘယ်လောက် ကောင်းမယ် မကောင်းမယ် မသိဘူး။ ပါကင်မဖောက်ရသေးတာတွေ။ ဖောက်လိုက်တော့ အင်ဂျင်ဝိုင်အရည်တွေတက်လာတာတော့ ရှိတယ်။”

တူးဖော်ဖို့လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသေးလဲ။

“မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲမာတယ်လေ။ တူးပြီးမြှုပ်ထားတော့ တူးတဲ့နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။”

လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။

“မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။ အရင်က လေယာဉ်ပျံတင်သင်္ဘောတွေမရှိတော့ ကုန်သေတ္တာသဘောင်္ကြီးတွေနဲ့ ပို့လိုက်တာ။ အစီး ၁၄၀ ရောက်တယ်။ လေယာဉ်ပျံတွေ ဖြန့်တယ်။ ဒါတွေကို ဖောက်ပြီး ဆင်ပြီးရင် ဂျပန်ကိုသွားတိုက်မယ်ပေါ့ အဲလို။ အဲလိုဖြန့်ပြီးတော့မှ စစ်ဆင်ရေးပြောင်းသွားတယ်။ လေယာဉ်ပျံနဲ့ သွားမတိုက်ဘဲ နျူကလီးယားဗုံးချလိုက်တော့ စစ်ကပြီးသွားတယ်။ အဲတော့ ဒါတွေက ပိုနေတဲ့အတွက် မောင့်ဘတ်တန်အမိန့်နဲ့ ဗမာပြည်တပြည်လုံး ၁၄၀ မြှုပ်ထားခဲ့တယ်။ တချို့က ဒါကို သေချာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲထဲမှာ မနေ့က သတင်းစာရှင်းလင်းပွဲမှာပါတဲ့ ၉၂ နှစ် အဖိုးကြီးက ဒါကို မှတ်တမ်းလုပ်ထားတယ်။ သူတို့ဆီက မှတ်တမ်းပြန်ဝယ်ရတာပေါ့။”

အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော်လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။

“မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။”

လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။

“အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။”

တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။

“ဒါတွေက သူတို့နိုင်ငံရဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်နေတယ်။ ဂျာမန်ကို တိုက်တော့ နိုင်တဲ့လေယာဉ်ပျံ။ သူတို့နိုင်ငံမှာ ရှားပါးနေတဲ့အတွက် အသစ်တွေ ဒီမှာက အသစ်အတိုင်းမြှုပ်ထားခဲ့တော့ ဒါတွေ ပြန်သုံးဖို့၊ နောင်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားတွေကို ဒါတွေကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကအစ ပြန်ပြချင်တယ်။ ဂုဏ်ယူတဲ့ပစ္စည်း။ လေယာဉ်ပျံက ပိုက်ဆံအားဖြင့် တန်ဖိုးမရှိပေမယ့် တိုင်းပြည်အတွက် ဂုဏ်ယူတဲ့ပစ္စည်းဖြစ်တယ်။”

ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။

“စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ်ခွဲယူပါတယ်။ မြန်မာပြည်တပြည်လုံးက ဘာကျန်ကျန် မြေကြီးထဲဘာရှိရှိ ဒါက နိုင်ငံပိုင်ချည်းပဲ။ ဒါ ဥပဒေပေါ့။”

တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။

“မြှုပ်နှံထားတဲ့ပစ္စည်းတွေကို သိကြလို့ ဖော်ကြမယ်ဆိုရင် နိုင်ငံတော်ကို ခွင့်တောင်းဖော်ကြရင် ကောင်းမယ်။ နိုင်ငံတော်ကို အကျိုးခံစားခွင့်ပေးပြီးတော့ တ၀က်ပေးလုပ်ရမယ်။ လူတွေက မြေကြီးထဲက ပစ္စည်းဆို တူးကြတယ်။ အမှန် ဥပဒေမှာ တူးခွင့်မရှိဘူး။ ကိုယ့်ခြံထဲရှိရင်သာ တူးလို့ရတာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013