DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း ၁ ဦး သေဆုံး
DVB
·
January 10, 2013
Donate to DVB

ကချင်ပြည်နယ် ဟိုပင်မြို့နယ်နဲ့ နမ့်ခွင့်ဘူတာကြား ကြာကြီးကွင်းရွာနားမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး နဘား- မြစ်ကြီးနားကို သွားတဲ့ ကုန်တင်ရထား အမှတ် ၄၉ ကို ထိမှန်တဲ့အတွက် ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။

“ဟိုပင်နဲ့ မြစ်ကြီးနားသွားတဲ့ နဘားခေါင်းပြန်ဆိုတဲ့ ရထား ၅ တွဲ တွဲချော်တယ်။ ပါလာတဲ့ ရဲတပ်သား ကိုမြင့်နိုင်သေသွားတယ်။ ဒဏ်ရာရစာရင်း အတိအကျ မသိဘူး။ စက်ခေါင်းရဲ့ အနောက် ၃ တွဲမြောက်က စကွဲတာ။ အဲမှာ လူစီးတွဲပါလာတယ်လေ အဲကစကွဲတာပေါ့။ ”

ရထားလာတဲ့အချိန် မိုင်တိုင်အမှတ် ၆၅၄ နားမှာ ကွက်တိ ပေါက်ကွဲခဲ့တာလို့ ရထားဝန်ထမ်းနဲ့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။

ဟိုပင်မြို့အနီးမှာ ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့်လည်း အစိုးရတပ်ဘက်က ပစ်ခတ်ခြောက်လှန့်တာတွေ လုပ်လေ့ရှိတဲ့အတွက် မြို့နယ်ထဲလှုပ်ရှားနေတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲ အချိန်မရွေးဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေဟာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူ မရှိသလောက်ဘဲလို့  ဒေသခံက ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-၀န်ကြီး  ဦးရဲထွဋ်ကလည်း ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်က နဘားဘူတာကနေ ထွက်ခွာလာတဲ့ နဘား-မြစ်ကြီးနား အမှတ် ၄၉ အဆန်ရထားဟာ ည ၁၀ နာရီ ၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး လူစီးတွဲ ၂ တွဲ ၊ တိရစ္ဆာန်တင် ကုန်တင်တွဲ ၂ တွဲ နဲ့ ကုန်စုံတင်တွဲ ၁ တွဲ လမ်းချော်ခဲ့တယ်။ အစောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ခရီးသည် ၂ ဦး ဒဏ်ရာရတယ်လို့ သူရဲ့ ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုလပိုင်းအတွင်း ကချင်ပြည်နယ်ထဲ ပြေးဆွဲနေတဲ့ မီးရထားတွေ မကြာခဏ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ပြီးခဲ့တဲ့နှစ်  ဒီဇင်ဘာ ၂၁ ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားဘူတာအနီး ဗုံးခွဲမှုမှာ ရထားမောင်းသူ ၁ ဦးနဲ့ ခရီးသည် ၁ ဦး ဒဏ်ရာရခဲ့တယ်။

၂၀၁၂ ခု ဒီဇင်ဘာ ၂၆ ရက်နေ့ ညမှာလည်း မိုးညှင်းဘူတာအနီး အုတ်ကျင်းရပ်ကွက်ထဲက ရထားသံလမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး ရထားလမ်းပျက်စီးကာ ကုန်တင်ရထားခရီးစဉ် နှောင့်နှေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013