DVB Logo
Home
မြန်မာသတင်း
အခြေခံရည်ညွှန်းစပါးစျေး တင်း ၁၀၀ ကို ကျပ် ၅ သိန်းနှုန်းသတ်မှတ်
DVB
·
October 15, 2019
အခြေခံရည်ညွှန်းစပါးစျေး တင်း ၁၀၀ ကို ကျပ် ၅ သိန်းနှုန်းသတ်မှတ်
Donate to DVB

၂၀၁၉ မိုးစပါးနဲ့ ၂၀၂၀ နွေစပါးရာသီအတွက် စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်းနှုန်းနဲ့ ဝယ်ယူဖို့ အစိုးရက အခြေခံရည်ညွှန်းစပါးစျေးနှုန်းသတ်မှတ် ကြေညာလိုက်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒုတိယသမ္မတ-၂ ဦးဆောင်တဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်း စပါးစျေးနှုန်းကို အောက်တိုဘာ ၁၅ ရက်မှာ သတ်မှတ်ထုတ်ပြန်လိုက်တာပါ။

အခြေခံစျေး ကြေညာသတ်မှတ်တဲ့ စနစ်ဖြစ်ပေါ်စေဖို့  ၂၀၁၇ ခုနှစ်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့ ဒီစနစ်ဟာ တောင်သူလယ်သမားတွေ အပါအဝင် ဆန်စပါး စိုက်ပျိုး ထုတ်လုပ် ရောင်းချမှု ကွင်းဆက် တခုလုံးနဲ့  ဆန်စပါး စီးပွားရေး အဆောက်အအုံ တခုလုံးအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တဲ့အကြာင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အစိုးရသတ်မှတ် အခြေခံစျေးနှုန်း ဖြစ်တဲ့ သတ်မှတ်အရည်အသွေးစံနှုန်းနဲ့ ကိုက်ညီပြီး အစိုဓါတ် ၁၄% ရှိတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ်  ၅ သိန်းနှုန်းနဲ့ ဝယ်ယူပေးကြဖို့နဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေနဲ့ ကုမ္ပဏီတွေက တက်ကြွစွာနဲ့ အလေးအနက်ထား ပူးပေါင်းကူညီဆောင်ရွက် ပေးကြဖို့လည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။  

အစိုးရက  စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်းဈေးနဲ့ ဝယ်ယူဖို့ သတ်မှတ်ထားပေမယ့်  လက်ရှိ စပါးစိုက်တောင်သူတွေကတော့ ရာသီဥတုဘေး၊ ပိုးမွှားတွေကျရောက်တဲ့ဘေးနဲ့ စပါးအထွက်နှုန်းကျဆင်းတာတွေကြောင့်  စပါးစျေးကျပြီး အရှုံးပေါ်နေကြပါတယ်။

ဒါကြောင့် ဆန်စပါးဈေးတိုးမြှင့်သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ   ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်က ဒေသခံ တောင်သူ ၁၀၀၀ ကျော်က ဆန္ဒပြခဲ့ကြ တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြရာမှာ တောင်သူတွေက “ထုတ်လုပ်မှုထက်ပိုမိုတဲ့စပါးစျေး အမြန်ဆုံးသတ်မှတ်ပေးရေး၊ စပါးတတင်း ၄၆ ပေါင်စံနှုန်းနဲ့ ဝယ်ယူပေးရေး၊ စပါးအတိုင်း နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရေး၊ သတ်မှတ်စျေးနှုန်းနဲ့ သီးနှံပေါ်ချိန်အမှီ ရောင်းချခွင့်ရရေး၊ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အမြန်ဆုံးဖွဲ့စည်းပေးရေးနဲ့ နိမ့်ကျနေတဲ့ တောင်သူတွေဘဝမြှင့်တင်ပေးရေး” စတဲ့ အချက်တွေကို တောင်းဆို ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း သာယာဝတီမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၈ အုပ်စုကတောင်သူ ၁၀၀၀ ကျော်က အခြေခံစပါးစျေး တတင်းကို ကျပ် ၇၀၀၀ သတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013