DVB Logo
Home
ကျန်းမာရေး
HIV ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ
DVB
·
October 14, 2019
HIV ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ
Donate to DVB

ယနေ့ခေတ်မှာ HIV ဆိုတဲ့ စကားလုံးက လူငယ်၊ လူကြီးမရွေး ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက အခုထိ HIV နဲ့ AIDS ရဲ့ ကွာခြားပုံတွေ၊ HIV ပိုးရဲ့ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှု၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ၊ ရောဂါပိုးကရော ဘယ်လိုကူးစက်လဲ စတာတွေနဲ့ ပတ်သက်ပြီး သေချာသိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒီဆောင်းပါးမှာ HIV ပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓာအတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

HIV ပိုးဟာ ဘာတွေကို အရင်ဆုံးတိုက်ခိုက်လဲ။

အခြေခံသဘောတရားအရ HIV ပိုး ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့အခါ ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ CD4+ ဆဲလ်တွေကို တိုက်ဖျက်ပါတယ်။ ဒီဆဲလ်တွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ဟာ ကျဆင်းပြီး တခြားရောဂါပေါင်းစုံ ဝင်လာဖို့ တံခါးဖွင့်လိုက်သလို ဖြစ်သွားပါတယ်။ ရောဂါပိုးတွေကို ထိန်းချုပ်ထားခြင်းမရှိတဲ့အခါ ပိုးတွေဟာ ကိုယ်ခန္ဓာတွင်း လျင်မြန်စွာ ပျံ့ပွားလာပြီး AIDS လို့ခေါ်တဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားပါတယ်။ HIV ပိုးရဲ့ ပျံ့နှံ့မှုနှုန်းဟာ ကူးစက်ခံရသူရဲ့ ကျန်းမာရေး၊ အသက်အရွယ်၊ ပိုးထိန်းဆေး ART ဆေး သောက်ခြင်း ရှိမရှိပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး။

HIV ပိုးနှင့် ကိုယ်ခန္ဓာပြောင်းလဲမှုဖြစ်စဉ်

၁။ ကိုယ်ခံအားစနစ်

ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးဖို့အတွက် အရေးအပါဆုံးစနစ်ဖြစ်ပါတယ်။ သွေးဖြူဆဲလ်တွေဟာ ဖျားနာခြင်း၊ ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ တခြားသော ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်။ HIV ကူးစက်ခံရစဉ် အစောပိုင်းကာလမှာ ငှက်ဖျားလိုမျိုး ဆင်တူတဲ့ ရောဂါလက္ခဏာတွေ တွေ့ရပြီး သိပ်ပြင်းထန်မှာတော့ မဟုတ်ပါဘူး။ ဒီအချိန်မှာ HIV ပိုးတွေဟာ ကိုယ်ခံအားစနစ်ကို အပြင်းအထန်စတင်တိုက်ခိုက်နေပါပြီ။ အဖျားတက်တာအပြင် ချွေးစေးပြန်ခြင်း၊ ချမ်းတက်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာြခင်း၊ အင်ပျဉ်ထခြင်း၊ ပြန်ရည်ကြောများ ရောင်ရမ်းနေခြင်းစတာတွေကိုပါတွေ့ရနိုင်ပါတယ်။

ကူးစက်ခံရပြီး ၈ နှစ်မှ ၁၀ နှစ်အတွင်း ဆေးဝါးကုသမှုမခံယူဘူးဆိုရင် HIV ပိုးအရေအတွက်ဟာ များသထက်များလာမှာဖြစ်ပြီး CD4+ ဆဲလ်တွေကတော့ ပိုပိုနည်းလာမှာပါ။ အဲ့နောက်ပိုင်းမှာ ရောဂါတွေ တစ်ခုပြီး တစ်ခုဝင်လာမယ်။ လူကအမောဖောက်မယ်၊ အသက်ရှူမဝတာ၊ အပြင်းဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်အလေးချိန်ကျတာတွေပါ ဖြစ်လာပါမယ်။ နောက်ဆုံးအဆင့် AIDS ကိုရောက်တဲ့အခါမှာတော့ ကိုယ်ခံအားစနစ်က အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားပြီး လူကပိန်ချုံးနုံးချိကာ ရောဂါဝေဒနာကို အပြင်းအထန်ခံစားရမှာဖြစ်သလို အမြင်အာရုံ၊ အဆုတ်နဲ့ အစာခြေစနစ်အပြင် တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်ပျက်စီးနေပါပြီ။

၂။ အသက်ရှူစနစ်၊ နှလုံးသွေးကြောစနစ်

HIV ပိုးသည် အေအးမိ၊ တုပ်ကွေး၊ ငှက်ဖျား၊ နမိုးနီးယား အဆုတ်ရောင်ရောဂါအပြင် တီဘီရောဂါပိုးကိုပါ ကူးစက်နိုင်ခြေ မြင့်တက်စေပါတယ်။ ဒီရောဂါပိုးတွေဟာ ကိုယ်ခံအားစနစ်ကိုသာမက အသက်ရှူစနစ်ဖြစ်တဲ့ အဆုတ်ကိုလည်း ထိခိုက်အားနည်းစေပြီး အပြင်းအထန်ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အဆုတ်ကင်ဆာဖြစ်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ အဆုတ်မှာရှိတဲ့ သွေးကြောတွေမှာ သွေးဖိအားများလာတာနဲ့အမျှ နှလုံးသွေးကြောကိုပါ သက်ရောက်မှုဖြစ်စေပြီး နှလုံးအမောဖောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

၃။ အစာခြေစနစ်

လူတစ်ယောက်ရဲ့ ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်ခြင်းသည် အစာခြေစနစ်ပေါ်မှာလည်း အများကြီး သက်ရောက်မှုရှိစေပါတယ်။ ကိုယ်ခံအားကျလာတဲ့အခါ အစာခြေစနစ်က အရင်ကလောက် ကောင်းကောင်းအလုပ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီအခါ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် နည်းလာမယ်၊ အာဟာရမဖြစ်ထွန်းတော့ ကိုယ္ခံအားက ပိုကျလာမယ်၊ ကိုယ်အလေးချိန်တွေပါ ကျလာပြီ ပိန်ချုံးအားနည်းလာမယ်။ HIV ပိုးကူးစက်ခံရပြီး နောက်ဆက်တွဲ ဝင်လာတဲ့ရောဂါတွေထဲမှာ ခံတွင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တဲ့ လည်ချောင်းနာခြင်း၊ လျှာ၊ သွားဖုံး၊ အာခေါင်၊ အာသီးတွင် အဖြူကွက် အနာများဖြစ်ခြင်း၊ အာခံတွင်း နီရဲရောင်ရမ်းခြင်းကိုဖြစ်စေပြီး အစာစားချင်စိတ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၄။ ဦးနှောက်အာရုံကြောစနစ်

HIV ပိုးသည် ဦးနှောက်အာရုံကြောစနစ်ကို တိုက်ရိုက်ထိခိုက်စေတာမျိုးတော့ မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ပတ်လည်မှာ ဝန်းရံနေတဲ့ အာရုံကြောတွေကနေ တစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်တာ ဖြစ်တဲ့အတွက် ကြာလာတဲ့အခါ ဦးနှောက်အာရုံကြောစနစ်ပါ ထိခိုက်လာတာဖြစ်ပါတယ်။ AIDS အဆင့်ကို ရောက်ရှိလာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်အား ကျဆင်းသွားပြီး ခေါင်းမူးခေါင်းကိုက်တာ၊ တက်တာ၊ မှတ်ဉာဏ်မကောင်းတော့တာ၊ စိုးရိမ်ပူပန်လာတာ၊ စိတ်ကျရောဂါတွေအပြင် စိတ်ကယောင်ခြောက်ခြား ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အမြင်အာရုံချို့ယွင်းလာသည်အထိ ပြင်းထန်လာနိုင်ပါတယ်။

၅။ အရေပြားကျန်းမာရေးစနစ်

HIV ပိုးကူးစက်ခံရသူနဲ့ AIDS ရောဂါအဆင့်ရောက်နေသူတွေမှာ လူအများမြင်ရတဲ့ အပေါ်ယံ အရေပြားလက္ခဏာအနေနဲ့ ကိုယ်ခန္ဓာအနှံ့ ရေယုန်ပေါက်တာ၊ ပါးစပ်၊ လိင်အင်္ဂါမှာ အနာတွေဖြစ်ပြီး ပြည်ယိုတာ၊ အင်ပျဉ်၊ ဝက်သက်၊ အရည်ကြည်ဖုများ ပေါက်တာ၊ အရေပြားနှင်းခူ၊ ဝဲခြောက်၊ ဝဲစို၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ HIV ပိုးရှိနေတယ်ဆိုတဲ့ သွေးစစ်ချက်အဖြေ ထွက်လာပြီဆိုတာနဲ့ ရောဂါပိုးကို မပြန့်ပွားအောင် ထိန်းဖို့ ART ဆေးကို နေ့စဉ်အချိန်မှန်သောက်ဖို့ လိုပါတယ်။ ဒီဆေးကိုသာ အချိန်မှန်ဂရုစိုက်ပြီး သောက်သွားမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေလိုမျိုး ဖြစ်လာမှာမဟုတ်ဘဲ သာမန်လူတစ်ယောက်လို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်သွားနိုင်မှာပါ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013