DVB Logo
Home
မေးမြန်းခန်း
ကချင်ပဋိပက္ခ ကြားဝင်ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်တွန်း
DVB
·
January 9, 2013
ကချင်ပဋိပက္ခ ကြားဝင်ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်တွန်း
Donate to DVB

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေရပ်ပြီး ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ကြားဝင်ဆောင်ရွက်ပေးဖို့ ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီထုတ်ပြန်ပန်ကြားချက်နဲ့ ပတ်သက်လို့ WLB ပြောခွင့်ရသူ ဒေါ်တင်တင်ညိုကို မေးမြန်းထားပါတယ်။

WLB ကနေ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ ဘာလို့ တောင်းဆိုတာပါလဲ။

[caption id="attachment_25436" align="alignright" width="150" caption="WLB ပြောခွင့်ရသူ ဒေါ်တင်တင်ညို"][/caption]

“ကချင်ဘက်မှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ပိုပိုဆိုးလာတယ်။ ရက်လည်းရှည်လာတဲ့အခါမှာ အမြန်ဆုံးစစ်ပွဲတွေရပ်ဖို့လိုတယ်။ ဒီလိုရပ်ဖို့ ကြားဝင်စေ့စပ်ပေးနိုင်တာ။ ဒီအပေါ်မှာပြောနိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ။ တနိုင်ငံလုံးက ပြည်သူတွေ ထောက်ခံအားပေးနေတဲ့ ပါတီတခုဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာနိုင်ငံတခုတည်း မဟုတ်ဘဲ တကမ္ဘာလုံးကပါ လေးစားတဲ့ အမျိုးသမီးတယောက် ဖြစ်တဲ့အနေအထားမှာ အခုကိစ္စမှာ သူကသာ ပြောမယ်ဆိုရင် သူ့စကားက ပိုပြီးအရာရောက်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဒီလိုကိစ္စမှာ ကြားဝင်ပြောပေးဖို့၊ သူဟာ အဲလိုလုပ်ခွင့်ရှိတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတာမျိုးကို တိုက်တွန်းထားတဲ့ပုံစံပေါ့။”

နိုင်ငံတကာကိုတောင်းဆိုထားတာမှာ မြန်မာ့တပ်မတော်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာကို ရပ်တန့်ဖို့အတွက် ဦးသိန်းစိန်အစိုးရကနေ တာဝန်ခံမှုရှိဖို့ဆိုတဲ့ ကိစ္စကရော။ ဦးသိန်းစိန်က တော်တော်နာမည်ရနေတယ်မဟုတ်လား။ ဘယ်လိုပြောချင်လဲ။

“အထူးသဖြင့် ဦးသိန်းစိန်က အပြောင်းအလဲလုပ်ဖို့ကို အဓိက ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တယောက်ဖြစ်တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကလည်း တကမ္ဘာလုံးမှာရှိတဲ့ ခေါင်းဆောင်တွေ အပါအ၀င် မြန်မာပြည်သူလူထုကပါ တစုံတရာမျှော်လင့်ချက်တွေ ထားလာလို့ ရလာတဲ့အထိ ဖြစ်လာတယ်။ ဒါသည် သူငြိမ်းချမ်းရေးပေါ် ယုံကြည်တဲ့သူဖြစ်တယ်ဆိုတော့ ရှေ့လျှောက်ပေါ့လေ။ အခုဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအ၀င် စစ်ပွဲတွေကအစ သူပိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဆက်လုပ်သွားနိုင်မယ်ဆိုရင် ကျမတို့နိုင်ငံအတွက် အပြောင်းအလဲကို သွားနေတဲ့အချိန်မှာပိုပြီး အာမခံချက်ရှိမယ်။ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာလည်း ပိုဖြစ်လာနိုင်တဲ့ သဘောရှိတယ်။ ဒါကို ကျမတို့က အပြုသဘောဆောင်တဲ့အမြင်ကနေ တောင်းဆိုထားတယ်။ ဒါကြောင့် အခုဖြစ်နေတဲ့ ကိစ္စတွေအကုန်လုံးကို သမ္မတ ဦးသိန်းစိန်က တာဝန်ခံဖြေရှင်းပေးဖို့ ဒါမျိုးကျမတို့တွေက ဖြစ်စေချင်တာ။ အခုလိုတောင်းဆိုထားတယ်။ ဒါမှာလည်းပဲ တတိုင်းပြည်လုံးမှာရှိနေတဲ့ လူမျိုးကွဲ ဘာသာကွဲအကုန်လုံးက သူ့အပေါ်လေးစားပြီး သူ့ရဲ့ ဦးဆောင်မှုအောက်မှာ သေသေချာချာ လိုက်ပါဆောင်ရွက်သွားနိုင်မယ့် အနေအထားတခုလည်း ဖြစ်လာမယ်လို့ ကျမတို့က ယုံကြည်တယ်။”

ကချင်မှာ ဖြစ်နေတဲ့စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ စတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကိုရော WLB က ဘယ်လိုသိရလဲ။

“ကျမတို့ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ ကချင်အမျိုးသမီးအစည်းအရုံးက သူတို့ရဲ့ အဖွဲ့ဝင်တွေကလည်း ဒုက္ခသည်တွေနေတဲ့ လိုင်ဇာတို့ အဲဒေသမှာရှိနေတော့ သူတို့ဆီကတဆင့် ကြားရသလောက်တော့ ဒုက္ခသည်တွေ၊ ကလေးတွေ အပါအ၀င်ပေါ့။ ပြေးလွှားပုန်းအောင်းနေရသူတွေဟာ ဆိုးဝါးတဲ့အခြေအနေရောက်နေတယ်။ စားနပ်ရိက္ခာမလုံလောက်တဲ့ အနေအထားမှာ ကျန်းမာရေးအရ ဆိုးရွားတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နေတယ်။ ဒါကြောင့်မို့လည်း ဒီထုတ်ပြန်ချက်မှာ တောက်လျှောက်ထောက်ပြနေတာက ပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ အထောက်အကူတွေ အမြန်လိုအပ်နေတယ်။ လူထုတွေနဲ့အနီးကပ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကနေတဆင့် ထောက်ပံ့သွားရင် ပိုပြီးထိရောက်မယ်။ ဒီလိုမျိုး သေချာထောက်ပံ့မှုတွေလုပ်သွားနိုင်ဖို့ အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ကာလမှာ တိုက်ပွဲတွေ ရပ်သွားဖို့အတွက်ကိုပါ သေသေချာချာ ၀ိုင်းအော်ပေးကြဖို့။ ဒါကိုပဲ အထူးတလည် ထောက်ပြထားတာ။ ကျမတို့ မမြင်ချင်ဆုံးက အပြစ်မဲ့ပြည်သူတွေ အခုလို အကြောက်တရားကြီးစိုးပြီး ဖုံးလွှမ်းနေရတဲ့အနေအထားမျိုး နေနေရတာမျိုး မမြင်ချင်ဘူးပေါ့လေ။ ဗုံးလာကြဲတဲ့အချိန်မှာ ဗုံးကျင်းတွေမှာ ခိုအောင်းနေရတယ်။ စားရသောက်ရမယ့်အချိန် မစားရ။ အိပ်ချိန်တန်လို့ မအိပ်ရ ဒီအခြေအနေမျိုးနဲ့ နေနေရတာဟာ မျိုးဆက်သစ်ကလေးတွေအတွက်က အင်မတန်မှ မကောင်းတဲ့ အလားအလာတခုလို့ မြင်ပါတယ်။”

ဦးသိန်းစိန်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ ငြိမ်းချမ်းသွားပြီးတော့ ကချင်နယ် ၁ နယ်တည်း ငြိမ်းချမ်းရေးက ကွက်ကျန်ခဲ့မှာလား။ အဲအပေါ်မှာ WLB ကဘယ်လိုမြင်ပါလဲ။ တကယ်ပဲ ထာဝရငြိမ်းချမ်းရေးဖြစ်နိုင်ပါ့မလား။

“ကျမတို့နိုင်ငံမှာ ကချင်အပါအ၀င် ပြည်ထောင်စုတခု၊ ပြည်ထောင်စုတခု ငြိမ်းချမ်းပြီးတော့ တကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့ဆိုရင် ဘယ်ပြည်နယ်ကိုမှ ချန်ထားလို့မရဘူး။ ဘယ်ပြည်နယ်ကမှ ပြည်သူတွေ ဒုက္ခဆင်းရဲတွေနဲ့ ရှိနေလို့မရဘူး။ အားလုံးက အတူတကွ တန်းတူညီမျှမှုနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတခု သယ်ဆောင်သွားမယ့် အနေအထားတခုက လိုအပ်တယ်။ ဒါမျိုးဖြစ်ဖို့လည်း WLB အနေနဲ့လည်း တောက်လျှောက် တိုက်တွန်းနှိုးဆော်ခဲ့တယ်။ အခုအချိန်မှာ အစိုးရအနေနဲ့လည်း ဒါကို ဆက် သေချာစဉ်းစားသွားစေချင်တယ်။ တတိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို သေသေချာချာ နိုင်ငံရေးအရ အာမခံချက်ပေးမှုတွေနဲ့အတူ လုပ်သွားနိုင်မှ သမ္မတ ဦးသိန်းစိန် ဆိုလိုတဲ့ ထာဝရငြိမ်းချမ်းရေးတခုကို ဦးတည်နိုင်မယ်လို့ ကျမတို့က ယုံကြည်တယ်။ ဒါကြောင့် စစ်ပွဲတွေ နေရာတိုင်းမှာ ရပ်ရမယ်။ လောလောဆယ် အနေအထားမှာ စစ်ပွဲရပ်နေတဲ့ ပြည်နယ်တွေ အားလုံးကလည်း ရေရှည်နိုင်ငံရေးအရ အာမခံချက်ရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေအထိ တက်လှမ်းနိုင်တဲ့ပုံစံမျိုးတွေလည်း ဖြစ်ဖို့လိုတာကို ပြောချင်တယ်။ ဒါမျိုးဖြစ်ဖို့ဆိုတာ ကချင်ပြည်နယ်အပါအ၀င် ဖြစ်ရမှာပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013