DVB Logo
Home
မြန်မာသတင်း
ဆရာမများအပေါ် ပြောကြားခဲ့မှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်အား အရေးယူပေးရန် တောင်းဆို
DVB
·
October 12, 2019
ဆရာမများအပေါ် ပြောကြားခဲ့မှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်အား အရေးယူပေးရန် တောင်းဆို
Donate to DVB

ဆရာမတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အပေါ် ပြည်ထောင်စုအစိုးရက ထိရောက်တဲ့ အရေးယူမှုလုပ်ပေးဖို့ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။‌

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ၊ သစ်ချို(မျိုးသန့်ခြံ)မှာ အောက်တိုဘာ ၅ ရက်နေ့က ဒေသခံပြည်သူတွေ့နဲ့ တွေ့ဆုံပွဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က ရပ်ဝေးကျောင်းဆရာမတွေကို ဒေသခံလူငယ်တွေ ရည်းစားစကားပြောပြီး  အိမ်ထောင်ကျ အောင်လုပ်၊ ဒါမှမြဲမှာလို့ ပြောဆိုချက်အပေါ် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့  အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ကြေညာချက်မှာ  ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ အရေးယူတာတွေ လုပ်ပေးဖို့ ဖော်ပြထားပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီ အရန်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖြိုးဝေအောင်က “ဆရာ၊ ဆရာမတွေကို ကျေးရွာသားတွေကို ရအောင်ယူကြဖို့၊ ဒါမှ ဆရာ၊ ဆရာမတွေ မပြောင်းဘဲနဲ့ ကျေးရွာမှာ မြဲမယ်ဆိုတဲ့အကြောင်းရယ်၊ ကျေးရွာက လူငယ်လေးတွေက ဆရာ၊ ဆရာမတွေကို ရည်းစားစကား လိုက်ပြောဖို့၊ ဒါမှ ကျေးရွာမှာ ဆရာ ဆရာမတွေ မြဲမယ်လို့ ပြောသွားတဲ့ စကားနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြေညာချက်ထုတ်ပြန်တာပါ။ အကြမ်းဖက်တာနဲ့ ဘဝလုံခြုံရေးကို ထိပါးတဲ့ စကားတွေ ပြောတယ်။ ဒါ ဆရာ ဆရာမတွေတင် မဟုတ်ဘူး၊ ကျန်းမာရေးဝန်ထမ်းတွေကိုပါ အားလုံးကို ပြောသွားတာပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ပဲခူးတိုင်း ဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ကျနော်တို့ စာထုတ်တာပါ။ ကျန်တဲ့ အရေးယူမှုအပိုင်းကိုတော့ သက်ဆိုင်ရာဌာနနဲ့ ပါတီကနေပြီးတော့ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေရမှာပေါ့။ သူတို့ အရေးယူတဲ့အပေါ် မူတည်ပြီးတော့ ဒါကို ဘယ်လိုဆက်လုပ်သင့်တယ် ဆိုတာတော့ ဆက်ပြီးဆုံးဖြတ်မှာပါ” လို့ ပြောပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေနဲ့ ပတ်သက်ပြီး ကောက်ယူထားတဲ့ စစ်တမ်းတွေအရလည်း ဆရာမတွေဟာ လူငယ်တချို့ရဲ့  ရိုင်းပျစွာ ပြောဆိုဆက်ဆံခံရတာ၊ ညစ်ညမ်းစာ အပေးခံရတာနဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်ခံရတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ ကော်မတီဝင် ဦးဖြိုးဝေအောင်က ဆိုပါတယ်။

“အများဆုံး ဖြစ်ပွားတာကတော့ ကျေးရွာမှာ ရပ်ဝေးကနေ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို ကျေးရွာသားတွေနဲ့ နီးစပ်အောင် တမင်ဖန်တီးပြီးတော့ ယူတာတွေ ရှိတယ်။ တချို့ကျတော့ ဆရာ ဆရာမတွေ နေတဲ့ အဆောင်ပေါ်တက်ပြီးတော့ အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ ဖြစ်စဉ်တွေ ရှိတယ်ပေါ့။ နောက်တခုက ဆရာ၊ ဆရာမတွေရဲ့ အတွင်းခံပစ္စည်းတွေကို ခိုးယူတာတွေ ရှိတယ်။ တချို့ကျတော့ ဆရာ ဆရာမတွေကို ရည်းစားစကားပြောပြီး ဆရာ ဆရာမတွေက ပြန်မကြိုက်တဲ့အခါမှာ သူတို့က ဘာမို့လို့လဲ၊ ဘာဘဝင်မြင့်နေတာလဲ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အဆောင်ရှေ့တွေမှာ လာအော်ပြောတာတွေ ရှိတယ်။ ကျောင်းကို ဝင်ပြီး ကျောင်းတံခါးတွေ ဖျက်ဆီးတာတွေ ရှိတယ်။ ကျောင်းစာသင်ခုံတွေကို ရိုက်ချိုးဖျက်ဆီးတာတွေ ရှိတဲ့အတွက် အမှုဖွင့်ထားတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။”

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဆရာမတွေအပေါ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး   ကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပါတီဗဟိုတို့ကို စာပို့ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ဝန်ကြီးချုပ်ရဲ့တိုက်တွန်းချက်ဟာ လက်လွတ်စပယ်၊ မစာမနာ ပြောတာဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖိတ်ခေါ်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေသူ ပဲခူးတိုင်းဝန်ကြီးချုပ်အနေနဲ့ ကိုယ့်ရဲ့ လက်လွတ်စပယ် ပြောကြားမှုအတွက် သက်ဆိုင်ရာ ဆရာမတွေကို လူသိရှင်ကြား ပြန်လည်တောင်းပန်ရန်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် မိခင်ဌာနဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကလည်း နိုင်ငံအဝှမ်းက ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေး အခက်အခဲတွေကို စနစ်တကျ စစ်တမ်းကောက်ယူ၊ နိုင်ငံတော်အစိုးရဆီ တင်ပြပြီး လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အခု ကိစ္စအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013