DVB Logo
Home
ကျန်းမာရေး
ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ
DVB
·
October 12, 2019
ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ
Donate to DVB

ဆေးသုံးတယ်တဲ့လား။ လူကပိန်သွားပြီး မျက်တွင်းလေးကျနေရင် အိမ်ကလူကြီးတွေကထင်မယ်။ ဒီကောင် ဆေးသုံးနေလားမသိဘူး ဆိုတဲ့အတွေး…

တကယ်က ညဘက်ဂိမ်းဆော့ထားလို့ဖြစ်ရင်ဖြစ်မယ်၊ အစားမမှန် အအိပ်မမှန်လို့၊ သွေးအားနည်းလို့၊ ဆေးလိပ်သောက်တာများလို့ စတဲ့ အကြောင်းရင်းတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ အဲ… တကယ်ပဲ ဆေးသုံးတယ်ဆိုရင်တော့ ဒီအသွင်အပြင်လောက်နဲ့ အဆုံးအဖြတ်ပေးလို့၊ ကောက်ချက်ချလို့မရပါဘူးနော်။ တခြားသိသာတဲ့ အသွင်အပြင်နဲ့ အပြုအမူလက္ခဏာတွေအများကြီးရှိနေသေးတယ်ဆိုတာ အိမ်ကလူကြီးတွေကိုပြောပြလိုက်ပါဦး။

မူးယစ်ဆေးသုံးနေသူတစ်ယောက်မှာ တွေ့ရများတဲ့ အပြင်ပန်းလက္ခဏာတွေ

ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲနေသလားဆိုတာကို သိနိုင်ဖို့က အသွင်အပြင်လက္ခဏာတွေက အသိသာဆုံးဆိုတာ မှန်ပါတယ်။ အများစုမှာ တွေ့ရတတ်တာက –

  • အိပ်မပျော်နိုင်တာ၊ အချိန်အခါမဟုတ် နိုးလာတာ၊ အချိန်အခါမဟုတ် နေရာမရွေး အိပ်မောကျသွားတာ တို့လို သိသာတဲ့အိပ်စက်မှုပြဿနာများ
  • သုံးတဲ့ဆေးအမျိုးအစားကိုမူတည်ပြီး မလုပ်ချင်မကိုင်ချင် နုံးချိတာ ဒါမှမဟုတ်ရင် အလွန်အကျွံ ခွန်အားရှိနေတာမျိုး
  • စားသောက်ပုံ အမူအကျင့်တွေပြောင်းလဲလာတာ( အစားပျက်တာ၊ အစာစားချင်စိတ်ပိုများလာတာမျိုး)
  • မျက်စိသူငယ်အိမ် ပုံမှန်ထက် ပိုကျယ်လာတာ ဒါမှမဟုတ် ကျုံ့သွားတာ
  • မျက်ရည်ထွက်နေတာ၊ ဒါမှမဟုတ် မျက်စိနီရဲနေတာ
  • အနံ့တမျိုးထွက်နေတာ
  • စကားအရမ်းများလာတာ ဒါမှမဟုတ် တက်ကြွလွန်နေတာ
  • စကားပြော ဗလုံးဗထွေးဖြစ်လာတာ
  • တုန်တုန်ရီရီဖြစ်လာတာ၊ ဟန်ချက်ထိန်းညှိမရတာ
  • ကိုယ်အလေးချိန် အတက်အကျရုတ်တရက်ပြောင်းလဲလာတာ
  • ကိုယ့်ကိုယ်ကို ဂရုစိုက်မှု၊ ပြင်ဆင်မှု မရှိတော့တာ
  • မျက်နှာမှာ နီတာ၊ ဖြူဖျော့တာ တွေဖြစ်လာတာ တွေ ဖြစ်ပါတယ်။

အသုံးများတဲ့ တလွဲသုံး ဆေးဝါးတွေရဲ့ သက်ရောက်မှု

အများအားဖြင့် ခြုံငုံဖော်ပြရရင်တော့ –

  • ဆေးခြောက် – ဆေးခြောက်သုံးတဲ့သူတွေမှာ မျက်စိနီတာ၊ မျက်လုံးအကြည့်က အသက်မပါတာ၊ မလိုအပ်ဘဲ ထရယ်တာ၊ စကားသံကျယ်လောင်တာ၊ စိတ်အားတက်ကြွမှု နဲ့ စိတ်ဝင်စားမှုနည်းတာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာတွေဖြစ်စေနိုင်တယ်။
  • Opioids – OxyContin၊ hydrocodone ၊ Vicodin ၊ Percocet ၊ Demerol တို့လို ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ opioid  အကိုက်အခဲပျောက်ဆေးတွေ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ ဒီဆေးတွေနဲ့ ဘိန်း သုံးစွဲတဲ့အခါ အလင်းရောင်ကောင်းတဲ့နေရာမှာတောင် သူငယ်အိမ်ကျုံ့စေနိုင်တယ်၊ အစားအသောက်ပျက်တယ်၊ အရမ်းအိပ်မယ်၊ အန်မယ်၊ ချောင်းဆိုးမယ်၊ ချွေးတွေထွက်မယ်၊ မျက်ကြောလိုက်တတ်တယ်၊ နှာခေါင်းတရှုံ့ရှုံ့ဖြစ်မယ်။
  • စိတ်ကြွဆေး – စိတ်ကြွဆေးတွေက ဗဟိုအာရုံကြောစနစ်ကို လှုပ်ရှားလုပ်ဆောင်မှုပိုစေတဲ့ဆေးတွေဖြစ်ပြီး amphetamine နဲ့ methamphetamine တို့လို ဆရာဝန်ညွှန်ကြားမှရတဲ့ ဆေးတွေကို တလွဲသုံးခြင်း၊ ကိုကင်း၊ crystal meth တို့ပါဝင်ပါတယ်။ စိတ်ကြွဆေးဝါးတွေက စိတ်ကူးယဉ်မျောလွင့်မှုကိုဖြစ်စေပြီး ခွန်အားပိုရှိစေတာ၊ လန်းဆန်းတက်ကြွစေတာ၊ အအိပ်နည်းတာ၊ အစာစားချင်စိတ်နည်းစေတာ၊ ကိုယ်အလေးချိန်ကျစေတာ၊ အာခေါင်ခြောက်စေတာ၊ စိတ်တိုဒေါသဖြစ်လွယ်စေတာ၊ စိုးရိမ်စိတ်များစေတာတို့ပါဝင်ပါတယ်။ စိတ်ကြွဆေးသုံးထားသူတွေက တက်ကြွလွန်နေတာ၊ စကားများလွန်းတာ၊ ပြုံးရွှင်နေရာကနေ ချက်ချင်းစိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
  • စိတ်ငြိမ်ဆေး – ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်ပျော်စေတဲ့ စိတ်ငြိမ်ဆေးတွေပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ ဒီဆေးတွေကို အိပ်မပျော်တဲ့လူနာတွေနဲ့ စိုးရိမ်စိတ်များတဲ့လူနာတွေကိုကုသရာမှာ သုံးလေ့ရှိပါတယ်။ Benzodiazepines အပါအဝင် ဒီဆေးတွေက အိပ်ငိုက်တာ၊ ဟန်ချက်ထိန်းမရနိုင်တာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမကောင်းတာ၊ စကားဗလုံးဗထွေးပြောတာ၊ အာရုံစူးစိုက်ဖို့ခက်တာ၊ အရက်မူးသလိုလက္ခဏာတွေဖြစ်တာတို့ ဖြစ်စေပါတယ်။
  • အာရုံမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ဆေး – ဒီဆေးတွေထဲမှာ Phencyclidine (PCP)၊ angel dust၊ peyote၊ Lysergic acid diethylamide(LSD) တို့ပါဝင်ပါတယ်။ ဒီဆေးတွေက အာရုံကို ထင်ယောင်ထင်မှားတွေဖြစ်စေတဲ့အပြင် သူငယ်အိမ်ကျယ်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်း၊ အကြောက်လွန်သံသယစိတ်ဖိစီးခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ ရန်လိုခြင်း၊ အတွေးထဲနစ်မျော စိတ်စွဲလမ်းမှုတွေဖြစ်စေပါတယ်။
  • ရှူသွင်းခြင်း – ဒီအမျိုးအစားမှာ ကော်၊ aerosol နဲ့ အိမ်သုတ်ဆေးတို့လို အရှိန်တက်စေနိုင်တဲ့ အိမ်သုံးဓာတုပစ္စည်းတွေပါဝင်ပါတယ်။ ကော်ရှူတာလိုမျိုး သုံးစွဲမှုတွေကြောင့် မှတ်ဉာဏ်ပြဿနာတွေ၊ ပါးစပ် ဒါမှမဟုတ် နှာခေါင်းတဝိုက်မှာ အနီကွက်တွေဖြစ်စေတာ၊ နှာရည်ကျတာ၊ အမြင်အာရုံပြဿနာ၊ ခေါင်းကိုက်တာ၊ ငိုက်မျဉ်းတာ၊ စိုးရိမ်စိတ်များတာ၊ မအီမသာဖြစ်တာ၊ ကြွက်သားထိန်းချုပ်လို့မရတာ၊ အစာစားချင်စိတ်အပြောင်းအလဲဖြစ်တာတွေ ရှိလာနိုင်ပါတယ်။

ဒီလောက်ဆို မူးယစ်ဆေးသုံးထားလား၊ မသုံးထားဘူးလားဆိုတာ ယေဘုယျအားဖြင့်တော့ သတိထားကြည့်လို့ရနိုင်ပါတယ်နော်။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013