DVB Logo
Home
မြန်မာသတင်း
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်း
DVB
·
January 9, 2013
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်း
Donate to DVB

အစိုးရအဖွဲ့အစည်းတွေအတွင်း အဂတိတရားကင်းရှင်းဖို့နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်စေဖို့အတွက် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်မယ့် ကော်မတီတရပ်ကို သမ္မတအမိန့်နဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒုတိယသမ္မတ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ အဲ့ဒီကော်မတီမှာ အဖွဲ့ဝင် ၉ ဦး ပါဝင်ပြီး အများစုက သမ္မတရုံးဝန်ကြီးတွေ ဖြစ်ပါတယ်။ အစိုးရရှေ့နေချုပ်နဲ့ သမ္မတရဲ့ ဥပဒေအကြံပေးတို့လည်း ပါဝင်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ကော်မတီဖွဲ့စည်းရတဲ့အကြောင်းရင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခုလို ရှင်းပြပါတယ်။

“ဥပဒေအရအရေးယူတာအပြင် ကျန်တဲ့အရေးယူရမယ့်ကိစ္စတွေ။ ဒါတွေအားလုံးကို ကိုင်တွယ်စဉ်းစားဖို့ ပိုပြီးရည်ရွယ်တာပါ။ ဥပဒေတွေရှိမယ်။ လုပ်ထုံးလုပ်နည်းတွေရှိမယ်။ ဌာနအလိုက်လုပ်ရတဲ့ လုပ်ထုံးလုပ်နည်းကိစ္စတွေ ရှိမယ်။ E-Government လိုကိစ္စတွေရှိမယ်။ နောက် တိုင်ကြားချက်တွေအပေါ် ဘယ်လိုစုံစမ်းမယ်၊ ဘယ်လိုအရေးယူမယ် ဆိုတာတွေ ရှိတယ်။ ဒီကော်မတီအပေါ် တိုက်ရိုက် ကျန်တဲ့သူတွေကအကြံပေးတာတွေ ရှိမယ်။ ဒါတွေအားလုံးကို ဆက်စပ်ပြီး လိုအပ်တာတွေ ဆောင်ရွက်သွားဖို့ ဖွဲ့စည်းတာလို့ နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လို ကော်မတီက အသေးစိတ်လုပ်မယ် ဆိုတာတော့ ဒု-သမ္မတကြီး ဦးစီးပြီးတော့ ကော်မတီအစည်းအဝေးထိုင်ပြီးတဲ့အခါမှ သိရပါမယ်။”

ရှေ့နေကြီး ဦးအောင်သိန်းက ကော်မတီအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို လာပြီး တိုင်ကြားမှ အရေးယူဆောင်ရွက်တာမျိုးထက် ကော်မတီအနေနဲ့ စုံစမ်းဖော်ထုတ်အရေးယူဖို့ လိုမယ်လို့ ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူကိစ္စဆိုတာက မကျေနပ်တဲ့သူက တိုင်မှသာလျှင် ပေါ်တာ များတယ်။ နှစ်ဦးနှစ်ဖက် ကျေနပ်အောင်ပေးပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်သွားတဲ့ ကိစ္စရပ်တွေက ဘယ်အပေါ်မှာ အခြေခံပြီးတော့ သုံးသပ်မလဲ၊ အဆုံးအဖြတ်ပေးမလဲဆိုတာက အဓိကကျတာပေါ့။ တိုင်ကြားတယ်ဆိုတာကလည်း အင်မတန်မှလည်း ရှားတယ်။ တနှစ်နေလို့ တမှုလောက်တောင် မတွေ့ရဘူး။ သူ့ရဲ့ လုပ်ဆောင်တဲ့ အခြေအနေပေါ်မှာ ကြည့်ပြီးတော့ သံသယဖြစ်ဖွယ် တွေ့ရှိတယ်၊ အထောက်အထား တွေ့နိုင်တယ်၊ မပေးရမယ့်ဟာကို ပေးတယ်၊ ပေးရမယ့်ဟာကို မပေးဘူးလုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေဟာ နှစ်ဖက်လုံးမှာ ပြဿနာရှိတယ်။ အဲဒါကို သေချာမေးပြီးတော့ အရေးယူဆောင်ရွက်မယ်ဆိုရင်တော့ ပိုသင့်လျော်တာပေါ့။”

ကော်မတီအနေနဲ့ ဟန်ပြမဟုတ်ဘဲ တကယ်လုပ်ပြဖို့ လိုမယ်လို့ ဆောင်းပါးရှင် ကောင်းဆက်နိုင် က ပြောပါတယ်။

“ကော်မတီက တကယ်ကို လာဘ်ပေးလာဘ်ယူ ပပျောက်စေချင်တဲ့ စေတနာ ရှိဖို့လည်း လိုတယ်။ ဟန်ပြလောက်၊ လူကြည့်ကောင်းရုံလောက်ဘဲ တကယ်ကို တိုင်းပြည်ကို ချစ်ပြီးတော့ တကယ်ကို လာဘ်ပေးလာဘ်ယူ ငါတို့ပျောက်အောင် လုပ်မယ်ဆိုတဲ့ စေတနာအမှန်ရှိဖို့က အဓိကပါပဲ။ တကယ်လုပ်မယ်ဆိုရင် ထိပ်ဆုံးမှာ စားနေတဲ့သူတွေ အားလုံးကို တနိုင်ငံလုံးက သိတယ်။ လက်ရှိ ထိပ်ဆုံးကလူတွေကို စံပြအဖြစ်နဲ့ ကျနော်တို့ အရေးယူပြနိုင်ရင် အဆင့်လျော့သွားမယ်။ အောက်က မဖြစ်စလောက် ဥပမာ ချဲထီ လက်ခွဲလေးတွေကို မဖမ်းဘဲနဲ့ ဒိုင်ကို ဖမ်းမှာဖြစ်မှာပေါ့။ ”

ကော်မတီက လုပ်ဆောင်မယ့် အရေးယူဆောင်ရွက်ချက်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတုန်းက  အစိုးရအဖွဲ့မှာ အုပ်ချုပ်ရေးပိုင်း အားနည်းချက်ရှိနေတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ အခု ကော်မတီဖွဲ့စည်းပေါ်ထွက်လာတာလဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013