DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြည်သူ သွားလာရေးအဆင်ပြေရန် အာဏာပိုင်အဖွဲ့ ဖွဲ့စည်း
DVB
·
January 8, 2013
ရန်ကုန်ပြည်သူ သွားလာရေးအဆင်ပြေရန် အာဏာပိုင်အဖွဲ့ ဖွဲ့စည်း
Donate to DVB

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူ နေ့စဉ်သွားလာရေး အဆင်ပြေချောမွေ့စေဖို့ စီမံခန့်ခွဲမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့  ဖွဲ့စည်းလိုက်ပါတယ်။

ဇန်န၀ါရီ ၇ ရက် ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တဲ့  အဖွဲ့ဝင် ၁၀ ဦးပါ အာဏာပိုင်အဖွဲ့ဟာ ရန်ကုန်မြို့တွင်း သွားလာရေး အဆင်ပြေစေဖို့ ကွင်းဆင်းလေ့လာဆန်းစစ်ပြီး နည်းလမ်းတွေ ရှာဖွေတင်ပြရမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တာဝန်ခံပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမယ်လို့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့ထဲပါဝင်တဲ့သူတွေဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အတွေ့အကြုံရှိသူတွေ ဖြစ်တယ်လို့ အဖွဲ့အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

“ကျနော်က လက်ရှိ မထသ ဗဟိုမှာ တာဝန်ယူပေးနေပါတယ်။ ဒီမှာပါသူတွေပြန်ကြည့်ရင် သံအမတ်ကြီး (အငြိမ်းစား) တွေပါပါတယ်။ ဒီလုပ်ငန်းရပ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တချို့ပါပါတယ်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပါဝင်တဲ့ အဖွဲ့အစည်းက အငြိမ်းစားယူသွားတဲ့ ၀န်ထမ်းတွေပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အတွေ့အကြုံနဲ့ လက်ရှိအခြေအနေပေါ် တိုးတက်အောင်ဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းတွေ လျင်မြန်စွာတိုးတက်အောင် ဆောင်ရွက်နိုင်မှုကို အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။”

ရန်ကုန်အာဏာပိုင်အဖွဲ့ ထပ်ဖွဲ့တဲ့အပေါ် ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခုလို မေးခွန်းထုတ်လိုက်ပါတယ်။

“လက်ရှိလူတွေကို တာဝန်အပြည့်အ၀ဆောင်ရွက်နိုင်အောင် လုပ်ပေးဖို့ပဲလိုတာ။ ဖွဲ့စည်းပုံကို လိုအပ်ရင်လိုအပ်သလို လက်ရှိဖွဲ့စည်းပုံအတိုင်း ဥပဒေအတိုင်းလုပ်လို့ရတာကို ထပ်ပြီးတော့ ဟိုကော်မတီဖွဲ့ ဒီကော်မတီအသံနားထောင်ဆိုတာက လက်ရှိကော်မတီ လူတွေနဲ့လုပ်လို့ရပြီးသားလေ။ လက်ရှိမော်တော်ယာဉ်အဖွဲ့အစည်းရှိတယ်။ မင်းတို့ဒါ တာဝန်ယူရင်ယူ မယူရင်ထွက်ကြတော့။ လက်ရှိ မော်တော်ယာဉ်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းကလူတွေမျိုးစုံရှိရဲ့သားနဲ့ နောက်ကော်မတီဖွဲ့တာဟာ လက်ရှိလူတွေ အသုံးမကျရာ ရောက်ပါတယ်။”

စာရေးဆရာ အောင်ချိန်ဘွားကတော့ ရန်ကုန်ယာဉ်ကြောကျပ်တာဟာ မော်တော်ကားဟောင်းတွေ အပ်နှံစေပြီး ကားသစ်တွေ တင်သွင်းခွင့်ပြုလိုက်တာကြောင့်လို့ ပြောပါတယ်။

“ကားအသစ်တွေတင်သွင်းခွင့်ပြုလိုက်တော့ ကားအသစ်တွေစီးပြီး ကြွားချင်ဝါချင်တာရော၊ အလုပ်တွေလည်း ပိုများလာတာရော တမြို့လုံးကားတွေ ရှုပ်ခတ်သွားတယ်။ ဘတ်စ်ကားတွေမှာလည်း လူတွေပိုများလာတယ်။ ကိုယ်ပိုင်ကားတွေလည်း များလာတယ်။ အဲလိုဖြစ်တဲ့ကြားထဲ ခုံးတံတားကို စိတ်ကူးပေါက်ပြီး တပြိုင်တည်း ၂ ခု ၃ ခု သွားဆောက်လိုက်တော့ လမ်းတွေပိတ်ဆို့မှုဖြစ်ကုန်တာပေါ့။ အဲလိုစိတ်ကူးပေါက်ပြီး ရုတ်တရက် ထလုပ်တာတွေက သိပ်များတယ်။ လူတွေစည်းကမ်းမရှိလို့ဆိုတာထက် စိတ်ကူးပေါက်ပြီး ထလုပ်လို့ဆိုတာတွေက ပိုဖြစ်တယ်လို့ ခန့်မှန်းလို့ရတဲ့ သဘောပါ။”

“နောက်တချက်က လမ်းဘေးဈေးသည်တွေ။ လမ်းဘေးဈေးသည်တွေက လမ်းပေါ်လည်းတက်ရောင်း၊ ပလက်ဖောင်းလည်း အကုန်ပြည့်။ ပြည့်မှာပေါ့ သူတို့က လမ်းဘေးဈေးသည်တွေကို ဘာကြောင့် လမ်းဘေးဈေးသည်ဖြစ်ရလဲဆိုတာ သုတေသနလည်းမလုပ်၊ စဉ်းလဲမစဉ်းစားဘူး၊ ဖြေရှင်းလည်းမပေးဘူး။ နောက်တခုက ကားပါကင်ကိစ္စ၊ နိုင်ငံခြားမှာ ကျောင်းကြီးတခုရှိရင် ကျောင်းဝင်းထဲမှာ ကားပါကင်ရှိတယ်။ မောလ်ကြီးရှိရင် မောလ်ကြီးတခုမှာ ကားပါကင်အကြီးကြီး ရှိတယ်။ ဒီမှာက ကားပါကင်ကို လုံးဝ ဂရုစိုက်ပေးထားတာမရှိဘူး။”

အာဏာပိုင်အဖွဲ့အနေနဲ့ အကူအညီအထောက်အပံ့ပေးမယ့် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေ အမြန်ဆုံးရှာဖွေပြီး မိုးပျံလမ်းမကြီးတွေ တည်ဆောက်ဖို့လိုမယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်နေတာတွေ မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေ အဆင့်မမီ၊ ယိုယွင်းပျက်စီးနေတာတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေက  ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထောက်ပြ ရေးသားနေကြချိန်မှာ အခုလို အာဏာပိုင်အဖွဲ့  ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013